ရန်ကုန်   ဩဂုတ်   ၁၆

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဉီးအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၊ ဟံသာသီရိ ကုန်းမြေရှိ ဆရာတော်ကြီးများ၏ သီတင်းသုံးတည်းခိုဆောင်များ ပြင်ဆင်မွမ်းမံဆောင်ရွက်နေမှုများ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက်နှင့် ဧရာရွှေဝါ ဓမ္မဘဏ္ဍာဂါရ ပိဋကတ်တိုက်ကျောင်းဆောင်အတွင်းရှိ ဘွဲ့အတွက် တင်သွင်းသောကျမ်းများ၊ ပိဋကတ်ဆိုင်ရာ ပါဠိစာပေများ ထိန်းသိမ်းထားမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ဝင်းအတွင်း  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်နေသည့် ဘွဲ့နှင်း သဘင်ခန်းမ အမိုး၊ မျက်နှာကျက်အသစ်လဲလှယ်ခြင်း၊ အတွင်းအပြင် ဆေးသုတ်ခြင်း၊ လျှပ်စစ်မီးကြိုးများ အသစ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးသတ် မှတ်စံချိန်စံညွှန်းများ နှင့်အညီဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သာသနိက အဆောက်အဉီများ ဖြစ်သည့်အတွက် ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များနှင့်အညီ ရှေးမူမပျက် ဆောင်ရွက် ရေးမှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဉီဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့(၂)မှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) ဌာနခွဲဝင်းအတွင်း ဟံသာသီရိကုန်းမြေရှိ ဆရာတော်ကြီးများ သီတင်း သုံးတည်းခို ဆောင်များ ဖြစ်သည့် ရွှေဟင်္သာကျောင်းဆောင်၊ ဉီးထွန်းကြည်ကျောင်းဆောင်၊ စိန်ရတုကျောင်းဆောင်၊ မင်းလှကျောင်းဆောင်၊ သူရဉီးထွန်းတင်ကျောင်းဆောင်၊ ကပ္ပိယ ကျောင်းဆောင်တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

 ၁၉၈၆ခုနှစ် ဩဂုတ် ၂၁ရက်တွင် မင်းကွန်းဆရာတော်ဘုရားကြီး စတင်တည်ထောင်ခဲ့သည့် နိုင်ငံတာ် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၌ ၁၉၉၄ခုနှစ်မှ စတင်ကာ သာသနာတက္ကသီလ ဓမ္မာစရိယ B.A (Buddhism)၊ သာသနာတက္ကသီလ မဟာဓမ္မစရိယ M.A(Buddhism)နှင့် သာသနာတက္ကသီလ ဓမ္မပါရဂူ ( Ph.D )ဘွဲ့များဆက်ကပ်လျက်ရှိသည်။ ထို့ပြင် ၂၀၁၆ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဓမ္မပါရဂူ D.Litt ဘွဲ့ကိုဆက်ကပ်ခဲ့သည်။

 

ယခုမွမ်းမံပြင်ဆင်လျက်ရှိသည့် ဘွဲ့နှင်းသိမ်ဓမ္မာရုံကြီး၌ ယနေ့အထိ သာသနာတက္ကသီလ ဓမ္မာစရိယ B.A (Buddhism) (၁၄၁၄)ပါး၊ သာသနာ တက္ကသီလ မဟာဓမ္မစရိယ M.A(Buddhism) (၂၇၈)ပါး၊ သာသနာတက္ကသီလ ဓမ္မပါရဂူ ( Ph.D )(၆)ပါး၊ ဂုဏ်ထူးဆောင်ဓမ္မပါရဂူ D.Litt (၂)ပါး ဘွဲ့ရ ရဟန်းတော် စုစုပေါင်းအပါး (၁၇၀၀) အား ဘွဲ့အပ်နှင်းနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင်  နိုင်ငံ‌တော်ပရိ ယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၌ သင်တန်းသား (၃၅၁)ပါး တက်ရောက်ပညာသင် ယူလျက် ရှိကြောင်းသိရသည်။

(သတင်းစဉ်)