၁၈ ဖေဖော်ဝါရီ
၂၀၁၉ အာဆီယံ ယူ-၂၂ ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပထမနေ့ကို ယနေ့ညနေပိုင်းက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ အမျိုးသားဘောလုံးကွင်း၌ ကျင်းပရာ မြန်မာ ယူ-၂၂ အသင်းနှင့် အင်ဒိုနီးရှား ယူ-၂၂ အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဦးဆောင်ဂိုးရသော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်သောကြောင့် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ မြန်မာ ယူ-၂၂ အသင်းသည် နည်းပြသစ်ပိုပေါ့ဗ်လက်ထက်တွင် ခြေစွမ်းမှာ အားရစရာမရှိသေးဘဲ လိုအပ်ချက်များရှိနေသေးရာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် လက်ကျန်နှစ်ပွဲတွင် အပြောင်းအလဲများ ပြုလုပ်ရမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဘုန်းသစ္စာမင်း (ဂိုး)၊ ဝင်းမိုးကျော်၊ စိုးမိုးကျော်၊ ရဲရင့်အောင်၊ ဟိန်းဖြိုးဝင်း၊ ဇေယျာနိုင်၊ လွင်မိုးအောင်၊ နန်းထိုက်ဇော်၊ ဟိန်းထက်အောင်၊ မြတ်ကောင်းခန့်၊ ဝင်းနိုင်ထွန်းတို့ဖြင့် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သည်။ ပွဲအစတွင် မြန်မာ ယူ-၂၂ အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၁၃ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့သည်။ တိုက်စစ်မှူး ဝင်းနိုင်ထွန်း ဖန်တီးပေးသောဘောလုံးကို တောင်ပံကစားသမား မြတ်ကောင်းခန့်က သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဂိုးစတင်ရရှိခဲ့သော်လည်း ပုံစံကောင်းမပြသနိုင်ခဲ့ဘဲ အင်ဒိုနီးရှားအသင်း၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်။ အင်ဒိုနီးရှားအသင်းအတွက် ချေပဂိုးကို ၃၇ မိနစ်တွင် ထောင့်ကန်ဘောမှ ပြန်လျှံထွက်လာသောဘောလုံးကို အာရင်တိုက သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ကစားသမားများ အပြောင်းအလဲများပြုလုပ်ကာ ကစားအားမြင့်တင်ခဲ့သည်။ မြန်မာ ယူ-၂၂ အသင်း၏ ခြေစွမ်းမှာ ပထမပိုင်းလောက်ပင် အားရစရာမရှိဘဲ တိုက်စစ်ကစားပုံမှာလည်း အမှားများခဲ့သောကြောင့် ထိရောက်သည့်ဂိုးသွင်းခွင့် ထပ်မရခဲ့ပေ။ ထိုု့ပြင် နည်းပြချုပ် ပိုပေါ့ဗ်၏ လူစားလဲမှုမှာလည်း ထိရောက်မှုမရှိသောကြောင့် မြန်မာအသင်း တိုက်စစ်မှာ ဂိုးရရန်ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။ အင်ဒိုနီးရှားအသင်းသည် ဒုတိယပိုင်းတွင် ဂိုးထပ်ရနိုင်သည့် အခွင့်အရေးထပ်ရသော်လည်း အသုံးမချနိုင်ခဲ့၍ တစ်ဂိုးစီသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အိမ်ရှင်ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF