နေပြည်တော် ဩဂုတ် ၁၇
နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်း ကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မဟာထေရ်မြတ်ကြီး အား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်းကျောင်းတိုက်သို့ သွားရောက်ဖူးမြော်၍ ဩဝါဒကထာ နာယူကြည်ညိုသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်ရှိ Myanmar Agribusiness Public Corporation Ltd(MAPCO) စက်ရုံဝန်းအတွင်းရှိ စပါးခွံသုံး လောင်စာဓာတ်ငွေ့စက်ရုံ၊ ဆန်စက် လည်ပတ်ကြိတ်ခွဲနေမှု၊ စပါးများအားအခြောက်ခံစက်ဖြင့် အခြောက်ခံနေမှုနှင့် သဘာဝဓာတ်မြေဩဇာ ထုတ်လုပ်နေမှုများကို ကြည့်ရှုပြီး တာဝန်ရှိ သူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် မြို့ရှောင်လမ်း ဆက်သွယ်ထားသည့် H-1 လမ်း ဘေးဝဲ/ယာတွင် နှစ်ရှည်အရိပ်ရ အပင်များစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီကကြီးမှူး၍ ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် နေပြည်တော်လူငယ် ရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို Naypyitaw State Academy ၌ ကျင်းပရာ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာ နိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာ ကော်မတီ အဖွဲ့ဝင်များ၊ Naypyitaw State Academy ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က ယနေ့လူငယ်များအနေဖြင့် နောင်တစ်ချိန်တွင် တိုင်းပြည်၏ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကြရမည့် နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်များဖြစ်ကြောင်း၊ လူငယ်များ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားပြီး အတွေးအခေါ်အယူအဆ၊ တီထွင်ဖန်တီးနိုင်မှု၊ စီမံခန့်ခွဲမှုကောင်းမှသာ တိုင်းပြည်၏ အနာဂတ်သည် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဘဝရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်အကောင်အထည်ဖော် ရာတွင် စာသင်ခန်းထဲတွင် ပညာသင်ကြားရန်သာမက ခေတ်နှင့်အညီပြောင်းလဲ တိုးတက် နေသည့် သိပ္ပံနည်းပညာများ၊ အိုင်တီပညာများ အထွေထွေဗဟုသုတများ နိုင်ငံတကာ အတွေးအမြင် ဗဟုသုတများကို လေ့လာမှတ်သားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပရာ စေ့စပ်ညှိနှိုင်းရေးမှူးနှင့် ကျောင်းသား ကျောင်းသူများက လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက (၇၆)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရကျောင်းသား/ ကျောင်းသူများနှင့် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်နှင့်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
သတင်းစဉ်