ရန်ကုန် ဩဂုတ် ၁၇
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ Vision Mission ဖြစ်သော Food Security and Food Safety ၏ လုပ်ဆောင်ချက်များကို အထောက်အကူဖြစ်စေသည့် တိရစ္ဆာန် ထုတ်ကုန်အစားအစာများတွင် ဆေးကြွင်းများ၏ ဘေးအန္တရာယ်ဖြစ်နိုင်မှုကို စောင့်ကြည့် လေ့လာစစ်ဆေးခြင်းဒေသဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အင်းစိန်မြို့နယ် မင်းဓမ္မလမ်းနှင့်ပြည်လမ်းထောင့်ရှိ တိရစ္ဆာန်အစာနှင့် ဆေးဝါးအရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲခန်းဌာနစု သင်တန်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနခွဲ၊ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးအရည်အသွေးစစ်ဆေးရေးဌာနစုနှင့် ပြည်သူ့ကျန်းမာရေးဌာနခွဲတို့မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒေါက်တာ အောင်မြင့်ဟန် က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်ကြားပို့ချမည့် အကြောင်း အရာများ၊ ပဋိဇီဝဓာတ်ကြွင်းများအန္တရာယ် ထိန်းချုပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွား ရမည့်နည်းလမ်းများနှင့် အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းသော စားသောက် ကုန်များကို စားသုံးနိုင်ရန် စောင့်ကြည့်လေ့လာ စစ်ဆေးခြင်း လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိရစ္ဆာန်အစာနှင့် ဆေးဝါးအရည်အသွေးစစ်ဆေးရေးဌာနစုမှ တာဝန်ခံ ဒေါက်တာမိုးမိုးသိန်းနှင့် ပြည်သူ့ကျန်းမာရေးဌာနခွဲမှ ဒေါက်တာ အောင်ထွန်းတို့က ဓာတ်ကြွင်းစစ်ဆေးမှု ဆိုင်ရာ ထိန်းချုပ်ကွက်ကဲစောင့်ကြည့်မှု Programme နှင့်ဆက်စပ် အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချကြသည်။
သင်တန်းကာလနှစ်ရက်တာတွင် အသား၊ ငါး၊ နို့၊ ဥ၊ ပျားရည်တို့မှ အန္တရာယ် ဖြစ်စေနိုင်သော ပဋိဇီဝ ဓာတ်ကြွင်း စောင့်ကြည့်လေ့လာမှု Program များ ဓာတ်ခွဲ စစ်ဆေးသူများလေ့လာရ မည့်ဘာသာရပ်များ၊ ပူးပေါင်း ပါဝင်ဆောင်ရွက်ရမည့် Food Safety လုပ်ငန်းစဉ်များနှင့် ဓာတ်ခွဲခန်းဝန်ထမ်းများ သိရှိရမည့် အချက်အလက်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် စားသောက်ကုန်တို့၌ ပဋိဇီဝ ဓာတ်ကြွင်းများကို စောင့်ကြည့်လေ့လာခြင်းဖြင့် နိုင်ငံတိုင်း၌ အန္တရာယ်ဖြစ်စေနိုင်သော ပဋိဇီဝဓာတ်ကြွင်း ထုတ်ကုန်များ မည်မျှများပြားလာမှုကို ထိန်းချုပ်ရန် Policy များ ချမှတ်နိုင်ရေး အရည်အသွေးပြည့်ဝ၍ အန္တရာယ်ကင်းသော စားသောက်ကုန်များကို ပြည်သူများ စားသုံးနိုင်ကာ ကျန်းမာသန်စွမ်းသော လူသားအရင်းအမြစ်ကို တည်ဆောက်နိုင်မည့် အပြင် နိုင်ငံတကာကုန်သွယ်မှုတို့တွင်လည်း ပါဝင်ဆောင်ရွက်နိုင်သော အခွင့်အလမ်း ကောင်းများကို ရရှိလာစေမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ကနူး
ညိမ်းသူ(သတင်းစဉ်)