နေပြည်တော် ဩဂုတ် ၁၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ကျင်းပသည့် “ ( ၇ )ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်-သွင်းကုန် ကုန်စည်ပြပွဲ” (7th China-South Asia Exposition  and 27th  China(Kunming) Export/ Import Fair) သို့ တက်ရောက်ရန် ကူမင်းမြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် Wyndham Hotel ၌ ကျင်းပသည့် ၅ ကြိမ်မြောက် တရုတ်-အရှေ့ တောင်အာရှ စီးပွားရေးဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြားသည်။

ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရ ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Na Yunde ၊  အာဆီယံ-တရုတ်စင်တာမှ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သည်များအသင်း ဥက္ကဋ္ဌတို့က အဖွင့်အမှာစကား ပြောကြားကြသည်။

အဆိုပါဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က ယခုနှစ်ဖိုရမ်၏ အဓိကဆောင် ပုဒ်ဖြစ်သော “စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်ရန် ဒေသတွင်းစက်မှုလုပ်ငန်း ကွင်းဆက်ကို အားပေးမြှင့်တင်ရန်”ဆိုသည့်အချက်ကို ထောက်ခံပါကြောင်း၊ ဤဆောင်ပုဒ်သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့်အချက်ကို အထူးပြုနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်များကို တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ ကဏ္ဍများစွာတွင်  ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများ တိုးချဲ့ရန် အလားအလာများစွာရှိနေကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်ရေးအတွက် မောင်းနှင် အားတစ်ရပ်ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်တကွ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့် အခြားသောနယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ အနေဖြင့် အနာဂတ်အလားအလာနှင့် အခွင့်အလမ်းကောင်းများကို ဖေါ်ထုတ်နိုင်ရန်အတွက် စီးပွားရေးအသိုက်အဝန်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဖိုရမ်ကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပရာ ၅ ကြိမ်မြောက် တရုတ် - အရှေ့တောင်အာရှစီးပွားရေးဖိုရမ်၏ အလှည့်ကျသဘာပတိအဖြစ် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း က ဆောင်ရွက်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် အရှေ့တောင်အာရှနိုင်ငံများမှ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းများမှ ဥက္ကဌများနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲများမှ အစိုးရကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့်အတူ ကူမင်းမြို့ Haigeng Garden Hotel တွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယွီပေါက တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လည်စာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဩဂုတ် ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့ China(Yunnan)Pilot Free Trade Zone ရှိ RCEP ကုန်စည်ဖြန့်ဖြူး ရေးစင်တာသို့ သွားရောက်လေ့လာခဲ့သည်။

ပြည်ထောင်စုဝန်ကြီးကို စင်တာမှတာဝန်ရှိသူများက RCEP ကုန်စည်ဖြန့်ဖြူးရေးစင်တာရှိ တောင်အာရှနှင့် အရှေ့တောင်အာရှ ကုန်စည်ပြခန်းနှင့် ရောင်းဝယ်ရေးစင်တာတွင် ပြသထား သောတောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချနေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် RCEP နိုင်ငံများမှ ထုတ်ကုန်များကို နိုင်ငံအလိုက် Studio အခန်းများမှ Online Live Streaming ဖြင့် တိုက်ရိုက်မိတ်ဆက်ရောင်းချနေမှု၊ နေ့စဉ်ကုန် ပစ္စည်းများ ရောင်းချနိုင်မှုနှင့် ဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့သည်။

အဆိုပါစင်တာသည် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ၏ ထုတ်ကုန်များကို တရုတ် နိုင်ငံအတွင်းသို့ ဖြန့်ဖြူးရောင်းချရာတွင် မဟာဗျူဟာကျသည့် ယူနန်ပြည်နယ် ကူမင်းမြို့တွင် တည်ရှိပြီး ကုန်သည်လုပ်ငန်းရှင်များအတွက် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများကို အဆင်ပြေ လွယ်ကူစွာဆောင်ရွက်နိုင်ရန် ပြီးပြည့်စုံသော ဝန်ဆောင်မှုလုပ်ငန်းများ ထည့်သွင်းထားသည့် ကုန်စည်ဖြန့်ဖြူးရေးစင်တာဖြစ်ပြီး မြန်မာထွက်ကုန်များကိုလည်း  တရုတ်နိုင်ငံအတွင်း  online မှ တစ်ဆင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်