နေပြည်တော် ၁၈ ဖေဖော်ဝါရီ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ခုနှစ်ဦး မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းများအား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ပြန် လည်ရှင်းလင်း ဖြေကြားခဲ့သည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း ၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှ အထက်ပိုင်းရှိ သွားလာရခက်ခဲသော ကျေးရွာများသို့ ရာသီမရွေး ဆက်သွယ်သွားလာနိုင်ရန် လိုအပ်သော ချောင်းကူးတံတားများနှင့် ကွန်ကရစ်လမ်းများကို ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်မှ စတင်ပြီး တည်ဆောက်ဖောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး က ရေးမြို့နယ်၊ ကျောင်းရွာ - ငါးကလေးချောင်း - လိပ်ပုတ်-မင်းလှအေးလမ်းပေါ်ရှိ ချောင်းကူးတံတားများ၊ လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံများနှင့် သက် ဆိုင်ရာ ဒေသအာဏာပိုင်များက သတ်မှတ်လမ်းအကျယ် ရရှိအောင် အသေးစိတ် ကွင်းဆင်းလေ့လာစိစစ်ညှိနှိုင်း၍ မွန်ပြည်နယ်အစိုးရ အဖွဲ့သို့ တင်ပြရမည် ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေယာကိစ္စများ ပြီးပြတ်အောင် ဆောင်ရွက် ပြီး ဖြစ်ပါကြောင်း စိစစ်ထောက်ခံတင်ပြလာပါက ပြည်ထောင်စု (သို့မဟုတ်) ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ထည့်သွင်းလျာထားပေးမည် ဖြစ်ပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း ၏ ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ ရိဒ်လမ်းခွဲ - မှောင်ကွန် (ရွာဟောင်း) - မှောင်ကွန်(ရွာသစ်) - လေးလက်လမ်း အား (၂၄)ပေအကျယ်လမ်းတာချဲ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး က ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် ဖလမ်းမြို့နယ်၊ ရိဒ်လမ်းခွဲ မှ မှောင်ကွန်(ရွာဟောင်း) - မှောင်ကွန် (ရွာသစ်)- လေးလက် မြေသားလမ်း (၁၀) မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်းအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေး နှစ်၊ ပြည်နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွင် အဆိုပြုလျာထားပြီး ဖြစ်ပါကြောင်း နှင့် ရန်ပုံငွေ ခွင့်ပြုရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း ၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ မီးဇာကျေးရွာတွင် သန့်ရှင်းသော ရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်ယူပေး ရေးလုပ်ငန်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ (၆)လ ဘတ်ဂျက်တွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် လျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာတွင် သန့်ရှင်းသော ရေရရှိရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဒေသခံပြည်သူလူထု ပူးပေါင်း၍ ရေထွက်တည်ရှိသည့်နေရာမှ ရေစုကန်၊ ရေစစ်ကန် တည်ဆောက်မည့် နေရာ၊ ရေသွယ်ယူရမည့် မိုင်အကွာအဝေး တို့ကို ကွင်းဆင်းစိစစ်စေမည် ဖြစ်ပြီး ဖြစ်နိုင်ခြေ ရှိပါကဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ သင့်တော်သည့် ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) မှ ဦးမင်းနိုင် ၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ မိုပိုင်းလွတ်မြို့နှင့် ဆွမ္မရာ မြို့ မြို့ချင်းဆက်လမ်း ဖောက်လုပ်ရာတွင် ကျန်ရှိသော မြေသားလမ်း (၁၀)မိုင်ခန့်နှင့် ထိုလမ်းပိုင်းပေါ်ရှိ တံတား(၆)စင်းအား ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက မိုပိုင်းလွတ် - ဆွမ္မရာလမ်းတွင် ဆက်လက် ဆောင်ရွက်ရန် မြေသားလမ်းတာချဲ့ခြင်း (၈)မိုင် (၄)ဖာလုံနှင့် တံတား(၆)စင်း ကျန်ရှိပြီး ၎င်းကျန်ရှိ လုပ်ငန်းများအတွက် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်တွင် မြေလမ်းတာချဲ့ခြင်း (၅)မိုင်နှင့် (၂၅x၁၄x၁၈)ပေ သံကူကွန်ကရစ်တံတား(၁)စင်း၊ (၄၀x၁၄x၁၂)ပေ သံကူ ကွန်ကရစ် တံတား (၁)စင်းတို့အားလည်းကောင်း၊ ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်းတာချဲ့ခြင်း (၃)မိုင် (၄)ဖာလုံနှင့် (၅၀x၁၄x၁၂) ပေသံကူကွန်ကရစ် တံတား (၂)စင်းတို့အားလည်းကောင်း၊ ၂၀၂၁ - ၂၀၂၂ဘဏ္ဍာရေးနှစ်တွင် (၄၀x၁၄x ၁၂)ပေ သံကူကွန်ကရစ်တံတား (၁)စင်း၊ (၂၄x၁၄x၁၂) ပေသံကူကွန်ကရစ် တံတား (၁)စင်း တို့အားလည်းကောင်းထည့်သွင်းလျာထား ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ဖြေကြားသည်။
အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ် မင်းထန် တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသားလွှတ် တော်က အတည်ပြုပြီး ပေးပို့ထားသော ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင် က ပြည်သူ့လွှတ် တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းအား ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်