နေပြည်တော် ဩဂုတ် ၁၇
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၃၂) ကို “ စီးပွားရေး စာချုပ်စာတမ်း များအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်း စစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမနှင့် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်းခန်းမ တို့၌လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ် ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှုးများနှင့် ဝန်ထမ်းများက Online မှ လည်းကောင်း တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယနေ့တွင် စီးပွားရေးစာချုပ် စာတမ်းအမျိုးအစားများ၊ စာချုပ်ချုပ်ဆိုမှု အမျိုးအစား အလိုက် လိုက်နာရမည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ၊ ဥပဒေရေးရာစည်းကမ်း သတ်မှတ်ချက်များနှင့် စာချုပ်စိစစ် အကြံပြုမှုဆိုင်ရာများကို ဆွေးနွေးသွားမည်ဟု သိရှိရပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ယနေ့ဆွေးနွေးမည့်အကြောင်းအရာများကို အလေးထားမှတ်သားခြင်း၊ အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းတို့ဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် ပြန်လည်အသုံးချပြီး နိုင်ငံတော်အတွက် ပိုမိုထိရောက်အကျိုးရှိစေရေး ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအကြံအဉာဏ်ပေးရေးဉီးစီးဌာန စီးပွားရေး စာချုပ်စာတမ်းများဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ရေဝတာက စီးပွားရေး ဆိုင်ရာစာချုပ်စာတမ်းမူကြမ်းများ စိစစ်အကြံပြုခြင်းနှင့် သက်ဆိုင်သည့် ဥပဒေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာ စာများ၊ ညွှန်ကြားချက်များ၊ မြေအသုံးချမှုစီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် B.O.T နှင့် မြေငှားစာချုပ်စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အပြန် အလှန်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်