နေပြည်တော် ဩဂုတ် ၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်း၍ နျူကလီးယားနှင့် ဆက်စပ်နယ်ပယ် များတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့ကြသော မြန်မာနိုင်ငံမှ ကျောင်းသားဟောင်းများ၊ ရုရှားတက္ကသိုလ်များမှ ကိုယ်စားလှယ်များနှင့် ROSATOM မှ ကိုယ်စားလှယ်များ၏ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ၌ ကျင်းပသည်။

အခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း “ROSATOM” မှ Ms. Vera Upirova, Senior project manager ဦးဆောင်သည့် ROSATOM မှ  ကိုယ်စားလှယ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတက္ကသိုလ်များမှ ဒုတိယ ပါမောက္ခချုပ်များ၊ ကိုယ်စားလှယ်များနှင့် ရုရှားတက္ကသိုလ်များရှိ နျူကလီးယား နည်းပညာနှင့် ဆက်စပ်ပညာရပ် နယ်ပယ်များတွင် တက်ရောက် ပညာသင်ကြားခဲ့ကြပြီး မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် လက်ရှိတာဝန်ထမ်းဆောင်နေကြသော ကျောင်းသား ဟောင်းများ၊ ရုရှားနိုင်ငံရှိ တက္ကသိုလ်များတွင် သွားရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ရုရှားနိုင်ငံတွင် ယခုလက်ရှိ ပညာသင်ကြားနေကြသော မြန်မာနိုင်ငံ မှ ကျောင်းသား၊ ကျောင်းသူများက online စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

ကျောင်းသားဟောင်းများ တွေ့ဆုံပွဲကို မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့်ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က အဖွင့်အမှာစကားပြောကြားသည်။ 

ထို့နောက် တက်ရောက်လာကြသူများသည် ပညာရေးကဏ္ဍ၊ နူကလီးယားနည်း ပညာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သတင်းအချက်နှင့် နည်းပညာကဏ္ဍနှင့် အခြားသော ကဏ္ဍများတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား အပြန်အလှန် မိတ်ဖက် ဆက်ဆံရေး မြှင့်တင်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ၎င်းတို့၏အတွေ့အကြုံများကို အမြင်ချင်း ဖလှယ်ဆွေးနွေးခြင်း၊ MEPhI တက္ကသိုလ်ကျောင်းသားဟောင်းများက Interview ဖြေဆို ခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများလဲလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်