နေပြည်တော်၊ သြဂုတ် ၁၈

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၆ ရက်တွင် မကွေးတိုင်း ဒေသကြီးတရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သရက်မြို့၊ မိုးနတ်ကုန်း ကျေးရွာအုပ်စု၊ တဇီးကောက် ရေနံမှော်၌ တရားမဝင် ရေနံဂါလန် (၃၅၀) အပါအဝင် ဆက်စပ်ပစ္စည်း (၂)မျိုး၊ အမျိုးအစားစုံ မော်တော်ဆိုင်ကယ် (၂၁)စီး၊ သုံးဘီးဆိုင်ကယ် (၂)စီးနှင့် Hijet မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂,၅၇၀,၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ ချောက်မြို့နယ်၊ ဂွေးချိုကျေးရွာ၊ ချောက်မြို့ မရဲစခန်းအနီး၌ လိုင်စင်မဲ့ Honda CRV မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၀၇၀,၀၀၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

ထို့နောက် သြဂုတ် ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန် အဖွဲ့များက စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာစက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်း မရှိသည့် Rack for Fabric  ကီလိုဂရမ် (၈၆၀) အပါ အဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၈၃,၇၃၁)ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်‌ဆေးရေးစခန်း၌ ကုန်သေတ္တာ(၅)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် Highvo Batteries (၁၁၂၀) အပါအဝင် ကုန်ပစ္စည်း (၁၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၅,၄၇၂,၃၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ သွင်းကုန်လိုင်စင် မရရှိမီ လေဆိပ်သို့ ရောက်ရှိသည့် ရက် (၆၁)ရက် ကျော်လွန်နေသည့် Engine Pad (၂)ခု၊ Sample Battery (၁)ခု အပါအဝင် ကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၈၉,၃၈၅)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၇,၈၄၅,၄၁၆) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် သြဂုတ် ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က တောင်ငူခရိုင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ် (၅ ဒသမ ၃၆၆)တန်နှင့် သစ်မာ (၀ ဒသမ ၃၉၆) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၉၆၉,၁၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဩဂုတ် ၁၆ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၇)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၇၇,၈၈၄,၅၉၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)