နေပြည်တော် ၊ ဩဂုတ် ၁၈

 

အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ(/၂၀၂၃)  အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ၏ အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍတွင် ၂၀၁၁ ခုနှစ်မှစ၍ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ရာ ဝင်ငွေနည်းပြည်သူ များနှင့် MSME များအတွက် ကောင်းမွန်သော ငွေကြေးဝန်ဆောင်မှုရရှိစေခြင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကို ထိရောက်သော အထောက်အပံ့ဖြစ်စေခဲ့ကြောင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ဥပဒေ/စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၃၁) အရ INGO NGO အဖွဲ့အစည်းများသည် အကျိုးအမြတ်ရယူသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်မရှိသဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ဖြင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ဆောင်ရွက်နေသော INGO NGO အဖွဲ့အစည်း များအား ကုမ္ပဏီအဖြစ် ပြောင်းလဲခြင်းလုပ်ငန်းစဉ်များကို ခွင့်ပြုခဲ့ကြောင်း၊ PGMF (INGO) အဖွဲ့အစည်း သည် သတ်မှတ်ကာလအတွင်း ကုမ္ပဏီအဖြစ် ပြောင်းလဲရေးလုပ်ငန်းစဉ်များ ပြီးပြတ်ခြင်းမရှိသဖြင့် လုပ်ငန်းပိတ်သိမ်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကြီးကြပ်မှုကော်မတီသို့တင်ပြမှုကို အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လက်ရှိသတ်မှတ်ထားသည့် ချေးငွေအပေါ်ကောက်ခံသော အတိုးနှုန်းနှင့် စုဆောင်းငွေအပေါ် ပေးအပ်သော အတိုးနှုန်းတို့ကို ဝင်ငွေနည်းပြည်သူများ၏ လူမှုစီးပွားရေး ဘဝနှင့်လိုက်လျောညီထွေ ဖြစ်စေရန် အတိုးနှုန်းပြင်ဆင် သတ်မှတ်ရန် သင့်-မသင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အသေးစားငွေရေး ကြေးရေးလုပ်ငန်းကဏ္ဍ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု၊ INGO ၊ NGO အသေးစားငွေရေးကြေး ရေးအဖွဲ့အစည်းများ ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းမှု၊ PGMF (INGO) အဖွဲ့အစည်း၏ လုပ်ငန်းပိတ်သိမ်းမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှု၊ အတိုးနှုန်းပြင်ဆင်သတ်မှတ်ရန် သုံးသပ်တင်ပြထားမှု၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ၏ နယ်မြေတိုးချဲ့မှု၊ မတည်ငွေရင်းထည့် ဝင်မှု၊ အစုရှယ်ယာရှင်ပြောင်းလဲမှု၊ ဒါရိုက်တာ ဘုတ်အဖွဲ့ပြောင်းလဲမှုအပါအဝင် ကြီးကြပ်မှုကော်မတီက ဆွေးနွေးဆုံးဖြတ်ရန် အချက်များအား ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းမှ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးတည်ဆောက်မှု သင်တန်းများ ဖွင့်လှစ်ပို့ချမှု၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အသေးစား ငွေရေး ကြေးရေး လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 

တင်ပြချက်များအပေါ် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

၂၀၂၃ခုနှစ် ဇူလိုင်လအထိ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် အဖွဲ့အစည်း အနေဖြင့် INGO (၁) ဖွဲ့၊ NGO (၁) ဖွဲ့ ၊ ပြည်ပကုမ္ပဏီ (၅၅)ဖွဲ့၊ ပြည်တွင်းကုမ္ပဏီ(၁၁၅)ဖွဲ့နှင့် အစုစပ် ကုမ္ပဏီ(၈)ဖွဲ့၊ စုစုပေါင်းအဖွဲ့ (၁၈၀) ရှိပြီး တိုင်းဒေသကြီး/ပြည်နယ် (၁၅)ခုရှိ မြို့နယ်ပေါင်း (၂၆၆) မြို့နယ်၊ ရပ်ကွက်ပေါင်း(၂၃၀၉) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၇၇၂၂) ရွာရှိ  အသင်းဝင်ဦးရေပေါင်း  (၃ဒသမ၆) သန်းအား ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)