နေပြည်တော်   ဩဂုတ်   ၁၈

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ဘုရားဖူးလာရောက်ကြသည့် ရဟန်း၊ ရှင်လူပြည်သူများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယ ကျောင်းတော်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ အဆူ ၇၂၀ တို့ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အအုံများကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်း၊ အသင်း အဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်းများ ဆောင်ရွက်ကြပြီး ကြည်ညိုသဒ္ဓါပွားများလျက် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။

 

ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညို ကြသော ရဟန်း၊ ရှင်လူအများပြည်သူများအား ခုနှစ်ရက်သားသမီး အလှူရှင်များကလည်း သက်သတ်လွတ် သီးစုံဒံပေါက်ဘူးများ၊ ရေသန့်ဘူးများဖြင့် အာဟာရဒါနလာရောက် လှူဒါန်း၍ ကုသိုလ်ယူကြသည်။

 

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အနယ်နယ်အရပ်ရပ်မှ  လာရောက်ဖူးမြော်ကြည်ညို ကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက် ရှိသည်ကို တွေ့ရှိရသဖြင့် ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးပြည်သူများ  စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် စက်တင်ဘာ ၃ ရက်အထိ ထပ်မံ၍ ရက်သတ်မှတ်တိုးမြှင့် အခမဲ့ဖူးမြော်ကြည်ညိုခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်