ကူမင်း ဩဂုတ် ၁၈
တရုတ်နိုင်ငံ ကူမင်းမြို့၌ရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့်အဖွဲ့သည် မဲခေါင်ဒေသနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ယနေ့ တွင် ကူမင်းမြို့ရှိ ယူနန်စိုက်ပျိုးရေး တက္ကသိုလ်၊ လော့စစ်ဝမ်နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနှင့် ကူမင်းနိုင်ငံတကာ ပန်းရောင်းဝယ်ရေး စသည်တို့ကို သွားရောက်လေ့လာကြသည်။
ရှင်းလင်းပြသ
နံနက်ပိုင်းတွင် ယူနန်စိုက်ပျိုးရေးတက္ကသိုလ် (Yunnan Agricultural University) သို့ ရောက်ရှိရာ တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြပြီး စိုက်ပျိုးရေးဆိုင်ရာ သုတေသနစင်တာ(Data Center)တွင် သုတေသနပြုလုပ်၍ အချက်အလက်များစုဆောင်းမှုနှင့် ဖြန့်ချိမှုလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ ကိုလည်းကောင်း၊ ကြက်မွေးမြူရေးပြတိုက်တွင် မျိုးရင်းကြက်များ၊ စပ်မျိုးကြက်များ၊ ဥနှင့်အသား ထုတ်လုပ်မည့် ကြက်များဆိုင်ရာ လေ့လာစုဆောင်းထားမှုနှင့် ပညာမျှဝေဖြန့်ဖြူးရေး ဆောင်ရွက်မှု အခြေအနေကိုလည်းကောင်း၊ ကျောင်းသား ကျောင်းသူများထုတ်လုပ်သည့် အစား အသောက်ဆိုင်ရာ ပြပွဲတွင် ယာစပါး အမျိုးမျိုး၊ ဖူးစား/နှံစား ပြောင်းအမျိုးမျိုး၊ အာလူးနှင့် ကန်စွန်းဥအမျိုးမျိုး စမ်းသပ် ထုတ်လုပ်မှုများအပြင် လက်ဖက်ခြောက်၊ စပျစ်ဝိုင်စသည်ဖြင့် ထုတ်လုပ်မှုများကို လည်းကောင်း လိုက်လံရှင်းလင်းပြသကြသည်။
ယင်းတက္ကသိုလ်တွင် ပါရဂူဘွဲ့ရယူနိုင်ရန် တက်ရောက်နေကြသည့် မြန်မာနိုင်ငံ ရေဆင်းတက္ကသိုလ်မှ ကျောင်းသူသုံးဦးအနက် နှစ်ဦးအား ပြည်ထောင်စုဝန်ကြီးက ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ပညာ သင်ကြားမှုအခြေအနေများကို မေးမြန်းကာ ပညာသင်ထောက်ပံ့ငွေပေးအပ်၍ ကျောင်းစားရိပ်သာ၌ နေ့လယ်စာအတူ သုံးဆောင်ကြသည်။
အဆိုပါ ယူနန်စိုက်ပျိုးရေးတက္ကသိုလ် သည် ကူမင်းမြို့တွင် စိုက်ပျိုးရေးကျောင်း အဖြစ် ၁၉၃၈ ခုနှစ်မှ စတင်တည်ထောင်၍ ၁၉၇၁ခုနှစ်တွင် ယူနန်စိုက်ပျိုးရေးတက္ကသိုလ် (Yunnan Agricultural University) အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပြည်တွင်းမှ ကျောင်းသူ စုစုပေါင်း သုံးသောင်းခန့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ ယူနန်စိုက်ပျိုးရေး တက္ကသိုလ် (Yunnan Agricultural University) တွင် ဒေသစင်တာတစ်ခုရှိပြီး ဒေသစင်တာမှ စုဆောင်း ထားသည့် အချက်အလက်များကို ကုမ္ပဏီများသို့ ပေးပို့မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ကူမင်းမြို့ လော့စစ်ဝမ် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးမြို့တော် (Luosiwan International Trade City) ကို သွားရောက်လေ့လာရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ရှေးဦးစွာ ရှေးဟောင်းရထားတွဲပုံစံ ပြုလုပ်ထားမှုဖြင့်ခေါ်ဆောင်၍ ဧည့်ခံသည်။
ဆက်လက်၍ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက ၎င်းတို့နေရာကို ဆိုင်ခန်းပေါင်း ၃၃၀၀၀ ကျော်ဖြင့် ဖွဲ့စည်း တည်ဆောက်၍ အဝတ်အထည်၊ လူသုံးကုန်နှင့် လျှပ်စစ်ပစ္စည်းများဖြင့် အဆောက်အအုံ သုံးခုတွင် ဇုန်အလိုက် ခွဲခြားဆောင်ရွက်နေကြောင်း၊ ပြည်တွင်းထုတ်ကုန်များကို အခြေခံပြီး တောင်အာရှနှင့် အရှေ့တောင်အာရှသို့ဖြန့်ချိသည့် လက်ကားရောင်းဝယ်ရေးစင်တာ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းတင်ပြပြီး စင်တာ အတွင်း လိုက်လံရှင်းလင်းပြသသည်။
တိုးတက်အောင်မြင်လျက်ရှိ
အဆိုပါ လက်ကားစျေးမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် အကြီးဆုံးဖြစ်ပြီး တရုတ်နိုင်ငံ၌ တတိယအကြီးဆုံးဖြစ်ကာ လုပ်ငန်များတိုးတက်အောင်မြင် လျက်ရှိကြောင်း သိရသည်။
ညနေပိုင်းတွင် ကူမင်းနိုင်ငံတကာ ပန်းရောင်းဝယ်ရေးစင်တာ (Kumming International Flora Auction Trading Center ) သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ၎င်းတို့စင်တာသည် ကမ္ဘာပေါ်တွင် နံပါတ်(၂)အကြီးဆုံးနှင့် အာရှနှင့်တရုတ်နိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး ပန်းစိုက်ဧက သုံးသိန်းခွဲခန့်ဖြင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်နေကြောင်း၊ နေ့စဉ် ပန်းစည်း လေး၊ ငါးသန်းခန့်အား ပြည်တွင်းသို့ ၉၀ ရာခိုင်နှုန်းနှင့် ကျန် ၁၀ ရာခိုင်နှုန်းကို ပြည်ပသို့ ရောင်းချတင်ပို့နေ ကြောင်း၊ ပန်းများ အဆင်းအနံ့ အရည်အသွေးတိုးတက်စေရန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြပြီး စင်တာအတွင်း လိုက်လံရှင်းလင်းပြသခဲ့သည်။
သတင်းစဉ်