နေပြည်တော် သြဂုတ် ၂၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးလျက်ရှိပြီး အလယ်အလတ်အဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာ ကျွမ်းကျင်သူများ မွေးထုတ်ပေးလျက်ရှိသော စိုက်ပျိုးရေး သိပ္ပံကျောင်း(ပျဉ်းမနား)ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးသိပ္ပံကျောင်း (ပျဉ်းမနား)စုဝေး ဆောင်ခန်းမ၌ ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ ပညာသင်ယူသည့်ကာလအတွင်း မိမိတို့လေ့လာသင်ယူသော ပညာရပ်များကို ကြိုးကြိုးစားစားသင်ယူ၍ လုပ်ငန်းခွင် ဝင်ရောက်ချိန်တွင် အရည်အချင်းပြည့်ဝသူများအဖြစ် ခိုင်ခိုင်မာမာရပ်တည်နိုင်ရေး ကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများက သင်ကြားရေး၊ သင်ယူရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း တို့က ရှင်းလင်းဖြေကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ဆောင်များ၊ အိပ်ဆောင်များ ၊ စားရိပ်သာများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများ၏ စားသောက် နေထိုင်မှုလိုအပ်ချက်များ ဖြည့်ဆည်းစီမံဆောင်ရွက်ပေးနိုင်ရေး ၊ ကျောင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဆိုင်ရာကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးပညာကို ပထမဆုံး သင်ကြားပေးခဲ့သည့် စိုက်ပျိုးရေး သိပ္ပံကျောင်း(ပျဉ်းမနား)တွင် ကျောင်းသားကျောင်းသူ(၅၄၉)ဦး ပညာသင်ယူလျက်ရှိ ကြောင်း၊ ရေမြေရာသီဥတုသင့်တင့်မျှတပြီး အချက်အချာကျသည့် အုပ်ချုပ်ရေးဒေသတွင် တည်ရှိသဖြင့် နိုင်ငံ၏လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အလယ်အလတ်အဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာ ကျွမ်းကျင်သူ လူ့အရင်းအမြစ်များ တိုးမြှင့်မွေးထုတ်ပေးနိုင်သည့် စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ စံပြကျောင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်