နေပြည်တော် ဩဂုတ် ၂၀

ကျန်းမာရေးဝန်ကြီးဌာနသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်သင့် ရခိုင်ပြည်နယ်မှ ဒေသခံ ပြည်သူများ လိုအပ်သော အထူးကုသမှုများ(Super Specialty) ရရှိနိုင်စေရေးအတွက် ရန်ကုန်ပြည် သူ့ဆေးရုံကြီးနှင့် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်တို့မှ နှလုံးရောဂါ ဆေးပညာ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြော ဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့်ဟော်မုန်းဆေးပညာ၊ သွေးရောဂါပညာ၊ ရင်ခေါင်းဆေးပညာ၊ အရိုးအကြောအဆစ်ဆေးပညာ၊ အထွေထွေရောဂါကုဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ဩဂုတ် (၁၉)ရက်နှင့် (၂၀)ရက် တို့တွင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံအငြိမ်းစား ဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။

အဆိုပါအထူးကုဆေးကုသရေးအစီအစဉ်တွင် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ အခြားသောမြို့နယ်များဖြစ်သည့် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်၊ မြို့နယ်(၁၀)မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက် နေပြည်သူများပါ လာရောက်ပြသခဲ့ပြီး (၂)ရက် အတွင်း နှလုံးရောဂါဆိုင်ရာ (၁၀၁)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ (၇၅)ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာ (၉၅)ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှု ဆိုင်ရာ (၄၈)ဦး၊ ဆီးချိုနှင့် ဟော်မုန်း ဆိုင်ရာ(၆၉)ဦး၊ သွေးရောဂါဆိုင်ရာ(၁၆)ဦး၊ အထွေထွေရောဂါဆိုင်ရာ (၁၈၅)ဦး၊ ရင်ခေါင်း ရောဂါဆိုင်ရာ လူနာ (၂၅)ဦး၊ အရိုးအကြောအဆစ်ရောဂါ ဆိုင်ရာ (၂၅၇)ဦး၊ စုစုပေါင်း ဒေသခံပြည်သူ (၈၇၁)ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း (Echocardiography) (၃၁)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (OGDS) (၁၄)ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (Colonoscopy) (၂)ဦး၊ ဒူးခေါင်းတွင်းဆေးထိုး၍ ကုသပေးသူ (၅)ဦး၊ ကွန်ပြူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) (၉)ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၇၁)ဦး၊ ဓာတ်ခွဲစမ်းသပ်သူ(၁၆၈)ဦး၊ Ultrasound ရိုက်ကူးခြင်း (၂၉)ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း(ECG)(၁၂၄)ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး နှလုံးရောဂါဆက်လက် ဆေးကုသရန် လိုအပ်သော လူနာ(၆)ဦးကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း၊ ရင်ခေါင်းဆေးကုသမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်သော လူနာ(၁)ဦးကို အထူးကု ဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်သို့ လည်းကောင်း လွှဲပြောင်းကုသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ကျန်းမာ‌ရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက် ရန်ကုန်/မန္တလေးမှ အထူးကုဆေးကုသရေးအဖွဲ့များ၏ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိရာ ယခုခရီးစဉ်သည် ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်သို့  တတိယအကြိမ် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး-ပုသိမ်မြို့၊ ရှမ်းပြည်နယ်-တောင်ကြီးမြို့၊ မကွေးတိုင်းဒေသကြီး-မကွေးမြို့များသို့ ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ အခြားသော တိုင်းဒေသကြီး/ ပြည်နယ်များ၌လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်