နေပြည်တော် ဩဂုတ် ၂၀ 

အိုလံပစ်အားကစားနည်းတစ်ခုဖြစ်သည့် မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်၍ နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေး မြင်းစီးအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ၂၀၂၅ခု နှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်စေရေးတို့အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီမှူးကျင်းပသည့် FEI One Star Endurance Qualification Round 1 (၅၀ ကီလိုမီတာခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မြင်းစီးအားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၅၀ ကီလိုမီတာခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲကို တာလွတ်၍ စတင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးသည် မြင်းများထားရှိသည့် မြင်းဇောင်းနေရာများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပြီး မြင်းများအား စနစ်တကျထားရှိနိုင်ရေးနှင့် အဆောက်အဦများကို ပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။ 

ပြိုင်ပွဲဝင် မြင်းစီးအားကစားသမားအသီးသီးတို့သည် (၂၅ ကီလိုမီတာ) ယှဉ်ပြိုင်စီးနင်း၍ ပထမ အကျော့ ပန်းဝင်ခဲ့ကြပြီး သတ်မှတ်ထားသည့် Water point နေရာများတွင် မြင်း၏ခံနိုင်ရည်အားနှင့် နှလုံးခုန်နှုန်းအား စစ်ဆေးခဲ့ကြပြီးနောက် ဒုတိယအကျော့တာလွတ်၍ (၂၅ ကီလိုမီတာ) ထပ်မံ ယှဉ်ပြိုင်စီးနင်းခဲ့ကြသည်။ 

(၅၀ ကီလိုမီတာခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲတွင် MEIkTILA RIDING CLUB, MO RIDING CLUB, NAY PYI TAW RIDING CLUB, YECC RIDING CLUB, တို့မှ ပြိုင်ပွဲဝင် အားကစားသမားအတွဲ(၂၃)တွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် အဖွဲ့ချုပ်အမှုဆောင်များ၊ မြင်းစီးကလပ်အသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် မြင်းစီးအားကစားသမားဟောင်းများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် အောင်လက်မှတ်ချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နောက် (၅၀ ကီလိုမီတာ ခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲတွင် အောင်မြင်ခဲ့သည့် မြင်းနှင့် အားကစားသမားအတွဲ (၁၄)တွဲတို့ကို တာဝန်ရှိသူများက အသီးသီး အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် မြင်းနှင့်အားကစားသမားများအား One Star အဆင့် ရရှိစေရေးအတွက် ခရီးရှည်မြင်းစီးပြိုင်ပွဲကို ယခုပြိုင်ပွဲ အပါအဝင် (၄)ကြိမ်ထပ်မံကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်