မိုင်းပျဉ်း သြဂုတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အ.ထ.ကခွဲကျောင်း၊ နီလာခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပသည်။
ဦးစွာ အ.ထ.ကခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက လူငယ်စကားဝိုင်း ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်၍ လူငယ်စကားဝိုင်း ကျင်းပရာ Grade-10 မှ မောင်အောင်ခန့်နိုင်က “စည်းနှင့် စီးသောကမ်း”၊ မောင်ပိုင်သက်ဆွေက “လူငယ်နဲ့ စာရိတ္တ”၊ မလှနှင်းဖြူက “သတိပြုဖွယ် အီးစီးကရက်အန္တရာယ်” နှင့် မသိင်္ဂီမိုးလှိုင်က “ချင့်ချိန်စဉ်းစား အမုန်းစကား” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ခေါင်းစဉ်တစ်ခုချင်းအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ အ.ထ.ကခွဲ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ကြသည်။
နန်းသန္တာဦး(ပြန်/ဆက်)