ရန်ကုန် ဩဂုတ် ၂၁
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းပွဲကို ဩဂုတ်၁၈ရက်တွင် ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အလယ်အလတ်အခွန်များဆိုင်ရာ အခွန်ရုံး(၃) ဌာနမှူး ဦးသိန်းဇော်က အဖွင့်အမှာ စကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းက ပြေစာအမှတ်တံဆိပ် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသည့် ကုမ္ပဏီ အခွန်ထမ်းများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
အခမ်းအနားသို့ ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း၊ ရွှေဆိုင်နှင့် ရုပ်သံလွှင်မီဒီယာကုမ္ပဏီများမှ တာဝန်ရှိသူ (၁၂၇)ဦး တက်ရောက်ကြ ကြောင်း သိရသည်။
(သတင်းစဉ်)