နေပြည်တော် ဩဂုတ် ၂၁

 

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခမ်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က ယခုသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအား ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း တက်ရောက်ပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ်(Certificate of Legal Advocacy-CLA) ပေးအပ်နိုင်စေရန် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။

 

သင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာနမှ ဦးစီးဌာနများ၏အကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာနှင့်အာဆီယံဥပဒေဘာသာရပ်၊ စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်း ဘာသာရပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဆွဲခြင်း ဘာသာရပ်၊ အထွေထွေဥပဒေအကြံပေးရေးဘာသာရပ်၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများ လက်တွေ့အသုံးချမှုဘာသာရပ်နှင့် တရားမဆိုင်ရာဘာသာရပ် များကို သင်ကြားပို့ချပေးခဲ့ပြီး သင်ကြားပို့ချခဲ့သည့်ဘာသာရပ်များသည် သင်တန်းသားများအတွက် လက်တွေ့ အသုံးဝင်သည့် ဘာသာရပ်များဖြစ်ပါကြောင်း။

 

သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများသည် ဤသင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေဘာသာရပ်များကို မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

သင်တန်းဆင်းပွဲသို့  ဒုတိယ ဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်၊ သင်တန်းဆရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများအဖြစ် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တပ်ဖွဲ့မှူးများ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ အထွေထွေမန်နေဂျာများ တက်ရောက်ကြသည်။

(သတင်းစဉ်)