နတ်တလင်း ဩဂုတ် ၂၂

 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား  ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်  မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက မြို့မ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဦးစွာ မြို့မ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်း စတင်ကျင်းပရာ မြို့နယ်ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်နှင့် Book Club အဖွဲ့ ဥက္ကဋ္ဌ ဆရာဦးသန်းအောင်တို့မှ ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး GRADE-10(A) မှ မောင်အောင်ပြည့်ဇော်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10(B)မှ မောင်ကောင်းဆက်ကျော်က “လူငယ်နှင့် မူးယစ်ဆေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10(B) မှ မမြင့်မြတ်သူက “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10(B) မှ မဖြိုးသက်ခင်က “လူငယ်နှင့် ကျန်းမာရေး”   ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြပြီး ဆွေးချက်များအပေါ် တက်ရောက်လာသော  ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များ ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားသည်။

 

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၈၀)ကျော် တက်ရောက်ပြီး ပါဝင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

 

ဝေယံဖြိုး(ပြန်/ဆက်)