နေပြည်တော် ဩဂုတ် ၂၂
အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ စကားဝိုင်းကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၇)၊ အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပသည်။
စကားဝိုင်းသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်၊ ကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
စကားဝိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်က အဂတိလိုက် စားမှုကို ဆန့်ကျင်တိုက်ဖျက်လိုသည့် လူမှုအဖွဲ့အစည်း ဖြစ်တည်လာစေရန် လူငယ်ကဏ္ဍ အသိပညာပေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များအနေဖြင့် ကောင်းမွန်သော လူမှုတန်ဖိုးများကို အလေးထားရန်၊ အများအကျိုး သယ်ပိုးဆောင်ရွက်တတ်စေရန်၊ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတတ်စေရန်၊ အကောင်း၊ အဆိုး ခွဲခြားသိမြင်တတ်စေရန်၊ မှန်ကန်သည့် အတွေးအခေါ်များဖြင့် လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းမှ ရရှိလာသည့် အသိအမြင် ဗဟုသုတများအား မိမိပတ်ဝန်းကျင်ကို မျှဝေပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် အမှတ် (၇)၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့ပြင် မော်လမြိုင်မြို့ အမှတ်(၇)၊ အခြေခံပညာ အလယ်တန်းကျောင်း၌လည်း ကော်မရှင်ရုံးခွဲ (မော်လမြိုင်)မှ အရာထမ်းများက မူလတန်းအဆင့် ကျောင်းသား၊ ကျောင်း သူများကို ကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေး အစီအစဉ် (ဆရာကိုင်)စာအုပ်များမှ သင်ခန်းစာများနှင့် ပညာပေး (Edu- tainment) အစီအစဉ်ပါ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်