နေပြည်တော် ဩဂုတ် ၂၂

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ် ငန်းကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၅၂) ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း က ၂၀၁၅ ခုနှစ်တွင် ကောက်ယူခဲ့သော Labour Force Survey အရ မြန်မာနိုင်ငံ၏ ကလေးဦးရေ (၁၂)သန်းကျော်တွင်  ကလေးအလုပ်သမား (၁ဒသမ၁) သန်းကျော်ရှိ၍ (၆)သိန်းကျော် ခန့်သည် အသက်(၁၈)နှစ်အောက် ကလေးများဖြစ်ပြီး အန္တရာယ်ရှိသည့် အလုပ်များ လုပ်ကိုင်နေရကြောင်း၊ ယနေ့ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ Global Climate Change ၏ အကျိုးဆက်များဖြစ်သည့် မုန်တိုင်းများ ဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်းစသော ဘဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း၊ ပြည်တွင်းပဋိပက္ခ ကြောင့်ဆင်းရဲနွမ်းပါးမှုနှင့် ရွှေ့ပြောင်းနေထိုင်ရမှုများကြောင့် လူမှုစီးပွားရေးဘဝအကျပ် အတည်းများမှတစ်ဆင့် လူငယ်လူရွယ်များသည် ပညာဆုံးခန်းတိုင်အောင် မသင်ရဘဲ ကလေးအလုပ်သမားများအဖြစ် အသုံးပြုခြင်းခံနေရသည်ကို ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကြုံတွေ့နေရပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အထောက်အကူပြုနိုင်ရေးအတွက် ကော်မတီ၏ လုပ်ငန်းတာဝန် များကို ပူးပေါင်းညှိနှိုင်းကာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ယခုအစည်းအဝေးတွင် လုပ်ငန်းကော်မတီဝင်များ၏ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီအတွင်း ရေးမှူး၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  ကော်မတီနှင့် ပတ်သက်သည့်လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြပြီး ဦးစားပေး နယ်မြေဖြစ်သည့် ကရင်၊ မွန်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ  စသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အဖွဲ့ဝင်များက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေးတင်ပြ၍ တက်ရောက် လာသည့် အဖွဲ့ဝင်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို  ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်