တက္ကသိုလ်မြတ်သူ

(ယမန်နေ့မှအဆက်)

မြန်မာရှေးဘုရင်များ၊ ခေတ်သစ်အစိုးရ အကြီးအကဲ၊ နိုင်ငံ့ခေါင်းဆောင်များသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အပြင် နိုင်ငံတော်၏ လူဦးရေအများစုကြီး ကိုးကွယ်သဖြင့် ဝိသေသထူးလှသော ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်ရန် နိုင်ငံအစိုးရတိုင်းတွင် တာဝန်ရှိသည့်အားလျော်စွာ မိုးဒဏ်၊ နေဒဏ်၊ လေဒဏ် (မုန်တိုင်းဒဏ်)၊ မြေငလျင်ဒဏ် စသည့်သဘာဝဘေးနှင့်ကြုံ၍ ဘုရား ပုထိုးစေတီတော်များ ပြိုဆင်း၊ ယိုယွင်းသည့်အခါ တိုင်း ပြုပြင်တည်ထားပေးခဲ့သည်သာဖြစ်သည်။

ငလျင်ဒဏ်ကြောင့် ပုဂံဘုရားများ ပျက်စီးယိုယွင်းမှုများစွာဖြစ်ပေါ်

၁၉၇၅ ခုနှစ် ဇူလိုင်လက ငလျင်ဒဏ်ကြောင့် ပုဂံဘုရားများ ပျက်စီးယိုယွင်းမှုများစွာ ဖြစ်ပေါ်ခဲ့ရာ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရအကြီးအကဲ ဗိုလ်ချုပ်ကြီးနေဝင်း၏ ဦးဆောင်မှုဖြင့် ပုဂံ-ညောင်ဦးမှ ဘုရားစေတီများ သာမက ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းအတွင်းမှ သာသနိကအဆောက်အအုံ ပုထိုး စေတီများပြုပြင်ခဲ့သည်။ မြန်မာတိုင်းရင်းသားစုံ ဗုဒ္ဓဘာသာဝင်ပြည်သူများကလည်း စေတနာသဒ္ဓါ တရားထက်သန်စွာ လှူခဲ့တန်းခဲ့ကြသည်။ ရွှေတိဂုံစေတီတော် ပိန္နဲတိုင်ကောက်သွားပြီး ထီးတော် ခေါင်းငိုက်သွားသည်ကိုလည်း ထီးတော်ချ၊ ပိန္နဲတိုင် အသစ်လဲကာ ပြန်လည်ထီးတင်ပူဇော်ခဲ့ပေသည်။

တပ်မတော်အစိုးရ (နဝတ၊ နယက) လက်ထက်တွင်လည်း ပုဂံဘုရားများအပါအဝင် သဘာဝဘေးဒဏ်ခံ စေတီပုထိုးများစွာပြုပြင်ခဲ့ရသည်။ မင်းတုန်းမင်းကြီး တင်လှူခဲ့သော ရွှေတိဂုံထီးတော်သစ်သည် ဉာဏ်တော် ၃၃ ပေ ၆ လက်မရှိပြီး ရွှေသား ၂၀၂၂၉ ကျပ် ၉ မူးသား၊ ကျောက်မျက်ရတနာ ၃၆၄၁၁ လုံး စီခြယ်ထားကာ ကောဇာသက္ကရာဇ် ၁၂၃၃ ခုနှစ် နတ်တော်လဆန်း ၁၀ ရက်နေ့မှစတင်၍ တင်လှူခဲ့ရာ နတ်တော်လဆန်း ၁၂ ရက်နေ့တွင် ထီးတော် အလုံးစုံတင်လှူပြီးစီးခဲ့သည်။

မင်းတုန်းမင်းကြီးတင်လှူသော ရွှေထီးတော်သည် ၁၉၁၉ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့၊ ၁၉၃၀ ပြည့်နှစ် မေလ ၅ ရက်နေ့နှင့် ၉ ရက်နေ့၊ ၁၉၇၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တို့တွင် ငလျင်ဒဏ်ကြောင့် ထီးတော်အပျက်အစီးရှိခဲ့ရာ အစိုးရနှင့် ပြည်သူတို့ စုပေါင်းလှူဒါန်းပြုပြင်ခဲ့ရသည်။ ၁၉၉၈-၉၉ ခုနှစ်တွင် ထီးတော်သက်တမ်း ၁၂၈ နှစ် ရှိလာခဲ့ပြီး ကာလရှည်ကြာမှုကြောင့် ထီးတော်တွင် ယိုယွင်းမှုများ၊ ကြံ့ခိုင်မှုအားနည်းခြင်းများ ရှိလာခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမှူးပြုသော အစိုးရအဖွဲ့သည် ထီးတော်သစ်ကို ခေတ်မီနည်းပညာ ပိုမိုခိုင်ခံ့သော ပစ္စည်းပစ္စယများဖြင့် တင်လှူရန် ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူပြီး ကျွမ်းကျင်သူပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းကာ ရွှေထီးတော်သစ်တင်လှူရန် အတွင်းရေးမှူး (၁) ဦးဆောင်သောလုပ်ငန်းအဖွဲ့က ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

မင်းတုန်းမင်းကြီး၏ထီးတော်ကို ပြန်ချကာ ထီးတော်စေတီ ရွှေတိဂုံရင်ပြင်တော်မှာပင် တည်ထားလျက် ရွှေထီးတော်သစ်၊ ပိန္နဲတိုင်သစ်များကို အကောင်းဆုံး တည်ဆောက်တင်လှူခဲ့သည်။ ထိုစဉ်က ဘုရားဖူးလာသော တိုင်းရင်းသားပြည်သူများက မိမိတို့ဝတ်ဆင်လာသည့် နားတောင်း၊ နားကပ်၊ နားဆွဲ၊ လက်ကောက်၊ လက်စွပ်၊ ဆွဲကြိုး၊ ရွှေဘီး၊ ဆံထိုးများ ဖြုတ်လှူကြရာ လက်ဝတ်ရတနာ ရွှေထည်ပစ္စည်း စုစုပေါင်း အခု ၈၃၈၅၀ ဖြစ်သည်။ ၃၁-၃-၉၉ ရက်နေ့အထိ လှူကြသော အလှူငွေ ပေါင်းမှာ ကျပ် ၅၅၆၅ သိန်းကျော်၊ ရွှေပိဿာ ၆၉ ပိဿာ ၄၀ ကျပ်သား၊ ရွှေတိဂုံဂေါပကအဖွဲ့သို့ လှူငွေမှာ ကျပ် ၁၆၅၉ သိန်း ကျော်နှင့် ရွှေငွေရတနာ တန်ဖိုးကျပ် ၇၃၄၈ သိန်းကျော် ရသည်။ ပန်းလည်တိုင်တွင် ရုပ်ပွားတော်တစ်ဆူ ကပ်လှူရန် မုဒြာလေးမျိုးဖြင့် ဘုရားလေးဆူပါ ရွှေခွေပေါင်း ၄၅ ခွေ (ရွှေချိန်အားဖြင့် ၁၂ ပိဿာ ၅၅ ကျပ်သား) ဇွန်းလေးဘုံ၊ ဆပ်သွားဖူးနှင့် ရွှေထီးတော်ကြီးအတွက် ကပ်လှူသောရွှေချိန်မှာ ၂၃၆ ပိဿာ ၉၅ ကျပ်သား၊ ရွှေညောင်ရွက်များ တင်လှူပူဇော်ရာ ရွှေချိန် ၂ ပိဿာ ၈၈ ကျပ်သား၊ ရွှေဆည်းလည်း ၃၇၈၄ လုံး (ရွှေချိန် ၂၈၂ ပိဿာ ၅၈ ကျပ်သား) စုစု ပေါင်းရွှေချိန် ၈၄၂ ပိဿာ ၆၃ ကျပ်သားနှင့် ရတနာ ပစ္စည်း ၆၇၈၆၈ မျိုး (အလေးချိန် ၅၃၉ ပိဿာ ၄၀ ကျပ်သား) လှူဒါန်းကြသည်။

ရတနာပေါ် ရတနာဆင့်၊ ရွှေပေါ် ရွှေဆင့် အလှူ

လက်ဝတ်ရတနာလှူသမျှကို ရွှေထီးတော် ပထမဘုံဆင့်အတွင်းပတ်၍ ရွှေနန်းကြီးတွင် စီထည့် ပူဇော်ထားသည်။ မူလက ရွှေပိန်းချထားသော ရွှေတိဂုံတွင် တစ်ကျပ်သား၊ နှစ်ကျပ်သား၊ ခြောက်ကျပ်သား ရွှေပြားများကပ်လှူပူဇော်ထားရာ ဆောင်းပါးရှင်များက ရတနာပေါ် ရတနာဆင့်၊ ရွှေပေါ်ရွှေဆင့် အလှူဟုပင် ရေးခဲ့ကြသည်။ မြန်မာ ဗုဒ္ဓဘာသာဝင်တို့၏ စေတနာသဒ္ဓါတရားကား ဆည်တမံကြီးကျိုးပေါက်၍ ဆည်ထဲကရေများ ဒလဟောစီးယိုထွက်သကဲ့သို့ပင် သဒ္ဓါဆည်ကြီး ကျိုးပေါက်သကဲ့သို့ လှူကြပေသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့၏ အလှူ၊ မြန်မာအစိုးရ အဆက်ဆက်အလှူ၊ တပ်မတော်မှ တပ်မတော် မိသားစုများမှ အထက်တပ်မတော်အကြီးအကဲအထိ အလှူများအား နေ့စဉ်၊ ညစဉ်သတင်းများ၌ ရှုမြင်၍ မဆုံးနိုင်ပါချေ။ ကျိုင်းတုံဘက်မှ ဝစီပိတ်ဆရာတော်ကြီး ကမကထပြုတည်ထားသော ဗုဒ္ဓဥယျာဉ်တော် သည်လည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း မွေတော်ကက္ကူ(ရှမ်း) စေတီပုထိုးအစုအဝေးနှင့် ဆုတောင်းပြည့်စေတီတော်တို့သည် လည်းကောင်း၊ မုံရွာမိုးညှင်းသမ္ဗုဒ္ဓေ၊ ဗောဓိတစ်ထောင်၊ စစ်ကိုင်း၊ မင်းကွန်း၊ မန္တလေး၊ ပုဂံ၊ မကွေး၊ မင်းဘူး၊ ပြည်၊ ပုသိမ်၊ ရန်ကုန်၊ ရခိုင်မြောက်ဦးဒေသ၊ မင်းဘူးရွှေစက်တော်၊ ကျိုက်ထိုမှ ကျိုက်ထီးရိုးစေတီတော် တို့ကို မြန်မာဗုဒ္ဓဘာသာတို့ ဥတုသုံးလီ၊ ၁၂ ရာသီ ဘုရားလည်ဖူး၍ အားမရနိုင်ကြပေ။ 

ယခု နေပြည်တော် ဒက္ခိဏသီရိဗုဒ္ဓဥယျာဉ်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အံ့မခန်းတည်ထားပြီးလေပြီ။ ၁-၈-၂၀၂၃ ရက်နေ့ က ဦးဆောင်ဘုရားဒါယကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆရာတော်၊ သံဃာတော်များ၊ အလှူရှင်များ ပြည်ပမှကြွလာသော ဆရာတော်၊ သံဃာတော်အရှင်မထေရ်မြတ်များ၊ ဧည့်သည်တော် များဖြင့် ခမ်းနားသိုက်မြိုက်စွာ ဘုရားအနေကဇာ တင်လှူပူဇော်ပွဲ၊ ကမ္ဘာ့အကြီးဆုံးနှင့် အထူဆုံးစာအုပ် ကြီးဖြစ်လာမည့် ပိဋကတ်တော်ကျော်စာရုံ စေတီ ၇၂၀ နှင့် သာသနိကအဆောက်အအုံများ မြော်မဆုံး၊ ရှုမဆုံး၊ ဖူးမြော်မဆုံးကို ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် မြင်ကြရသော ပြည်သူအပေါင်းတို့က သောင်းသောင်းဖြဖြ သာဓုခေါ်ကြလေသည်။ 

၂၉-၆-၂၀၂၃ ရက်နေ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းတင်ပြပွဲတွင် အလှူရှင် ၁၀၁ ဦးတို့က သဒ္ဓါတရားစိတ်ထက်သန်စွာဖြင့် ငွေကျပ်စုစုပေါင်း ၁၆၁၇၇ သန်း (၁၆ ဒသမ ၁၇၇ ဘီလီယံ) ကိုလှူဒါန်းကြသည်။ မြင်တွေ့ရှိ ကြားသိရသူတိုင်း သာဓုခေါ်ကြသည်။ ၂၃-၇-၂၀၂၃ ရက်နေ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် တည်ထားကိုးကွယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပွဲကျင်းပရာ တက်ရောက်လာသူ စေတနာရှင် ၃၇၇ ဦးက အလှူတော်ငွေကျပ် ၁၇၄၁၅ သန်း (၁၇ ဒသမ ၄၁၅ ဘီလီယံ) လှူကြ သည်။ ဇူလိုင်လ ၂၉ ရက်နေ့တွင်လည်း အလှူရှင် ၂၇၄ ဦးက ငွေကျပ်သန်းပေါင်း ၅၀၀၀ ကျော် (၅ ဒသမ ၀၄ ဘီလီယံ)၊ အမေရိကန်ဒေါ်လာ ၂၃၀၀၀ နှင့် ထိုင်းဘတ်ငွေ တစ်သိန်းလှူဒါန်းကြသည်။

ဤစာရေးသူသည် စာပေဆုရရှိငွေဖြင့် ၁၂ သိန်းတန် ပိဋကတ်သုံးပုံ အုပ် ၄၀ တစ်စုံ လှူခဲ့ပါသည်။

ဤစာရေးသူသည် အသက်အရွယ်အရ၊ ကျန်းမာရေးအရ ကိုယ်တိုင်သွားရောက်ကာ မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မဖူးမြော်နိုင်သေးသော်လည်း မြဝတီရုပ်သံ၊ MRTV ရုပ်သံနှင့် သတင်းစာ၊ ဂျာနယ်တို့တွင် အခါမလပ်စောင့်မျှော် ကြည့်ရှုရင်း ကြည်ညိုသဒ္ဓါပွားနေရပါသည်။ မြန်မာစကားရှိသည် “နှလုံးသားတွင် ဘုရားတည်” ဟူ၏။ ဤစာရေးသူ၏ ရင်ထဲ၊ နှလုံးထဲ၊ ဦးခေါင်း ဦးနှောက် ထဲတွင်ကား မာရဝိဇယမြတ်ဗုဒ္ဓသည် ကိန်းအောင်း လျက်ရှိနေပါသည်။ ဤမာရဝိဇယဗုဒ္ဓရုပ်ပွားတော် ဖြစ်မြောက်အောင် တည်ထားခဲ့သည့် ကြိုးပမ်းမှု အစအဆုံးမှတ်တမ်းများကို ဤစာရေးသူသာမက၊ မြန်မာများသာမက ကမ္ဘာကပါ တအံ့တဩ ရင်သပ် ရှုမောလက်ဖျားတခါခါ ရှိနေကြပေလိမ့်မည်။ 

စကျင်ကျောက်ဖြူများ ထွက်ရှိ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်တောင်ဒေသသည် ဖြူဖွေးချောမွေ့၊ တောက်ပြောင်၍ မာကျောသောစကျင်ကျောက်ဖြူများ ထွက်ရှိသည်။ ရှေးအစဉ်အဆက်ကပင် စကျင်ကျောက်ဖြင့် ထုဆစ်သောဗုဒ္ဓရုပ်ပွားတော် ဉာဏ်တော်အရွယ်စုံကို မန္တလေးဘုရားကြီး အနောက်ဘက်၊ တောင်ဘက် ကျောက်ဆစ်တန်းမှ ပညာရှင်များက ထုဆစ်ပေးခဲ့သည်။ နိုင်ငံတစ်ဝန်းမှ ရှစ်မျက်နှာစေတီများ၏ မုခ်ရှစ်မုခ်အတွင်း ပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော် အားလုံးလိုလိုမှာ စကျင်ကျောက်ဆင်းတုများ ဖြစ်သည်။ ဉာဏ်တော်ခြောက်လက်မ၊ ကိုးလက်မ၊ တစ်ပေမှ ခြောက်ပေ၊ ခုနစ်ပေရှိ ရုပ်ပွားတော်များစွာ ထုဆစ်ခဲ့သည်။ 

မန္တလေးတောင်ခြေ ကျောက်တော်ကြီးဘုရားသည် စကျင်ကျောက်ဆင်းတု အရွယ်အကြီးဆုံး ဖြစ်သကဲ့သို့ ရန်ကုန်မြို့ မင်းဓမ္မကုန်းတော်မှ အဘယလာဘမုနိမြတ်စွာဘုရား ဆင်းတုတော်သည်လည်း စကျင်ကျောက်ဖြင့် ထုဆစ်ပူဇော်ထား ခြင်းဖြစ်သည်။ အဘယလာဘမုနိစကျင် ကျောက်ဆစ်ရုပ်ပွားတော်၏ ဉာဏ်တော်ကို မြင့်လှသည်ဟု ထင်ထားခဲ့ရာ ယခုအခါ နေပြည်တော်မှ မာရဝိဇယရုပ်ပွားတော်မြတ်သည် မြန်မာနိုင်ငံမှာ သာမက ကမ္ဘာပေါ်မှာပင် ဉာဏ်တော်အမြင့်ဆုံး (စံတင်) ရုပ်ပွားတော်ကြီး ဖြစ်လာခဲ့သည်။ 

မတ္တရာစကျင်တောင်တွင် ၂၀၀၃ ခုနှစ်က တူးဖော်တွေ့ရှိရသော စကျင်ကျောက်တုံးကြီးသည် အရွယ်အားဖြင့် A ခေါ် နံပါတ်(၁) အကြီးဆုံးတန်းဝင် ကျောက်တုံးကြီးဖြစ်နေသည်။ ကျောက်သားကောင်း သည်။ သို့ဖြင့် ကျောက်တုံးပိုင်ရှင် Angelo Mining Co.,Ltd မှ ဦးအောင်ခိုင်သန်းက ပိုင်းစိတ် ဖြတ်တောက်လိုက်လျှင် ဗုဒ္ဓဆင်းတုတော်များ ရာချီထောင်ချီရနိုင်သော်လည်း ဤမျှကြီးသော ကျောက်တုံးကြီးကို ပိုင်းစိတ်ဖြတ်တောက်မပစ် ရက်ဘဲ နယကဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လှူကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်တွေ့ အသုံးပြုကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အကြီးဆုံး၊ အမြင့်ဆုံးဖြစ်အောင် ထုဆစ်ပူဇော်ရန် လုပ်ဆောင် နိုင်မည့် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွှဲအပ်ပေးလှူကြောင်း ၃-၈-၂၀၂၃ ရက်နေ့ထုတ် TREND ဂျာနယ်တွင် ဖတ်ရှုလိုက်ရသည်။ 

ထိုစကျင်ကျောက်တော်ကြီးကို ၂၀၁၇ ခုနှစ်တွင် လက်ခံရရှိခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ သဒ္ဓါတရားစိတ်ဆန္ဒစေတနာဖြင့် ယခုကမ္ဘာကျော် ဖြစ်လာနေသော မာရဝိဇယဗုဒ္ဓဆင်းတုတော်ကြီးအား မဖြစ်မနေ တည်ဆောက်ပူဇော်နိုင်ခဲ့သည်။ ကျောက်တုံးပမာဏအလေးချိန်တို့ကို မြင်ရုံနှင့်ပင် မည်သည့်ကရိန်းမျိုးမှ‘မ’ယူခြင်း၊ ရွှေ့ပြောင်းသယ်ယူခြင်း ပြုနိုင်စရာမရှိပေ။ ဩဝါဒါစရိယဆရာတော်ကြီး များ၏ညွှန်ပြမှု၊ တပ်မတော်မှ အင်ဂျင်နီယာ ဗိသုကာပညာရှင်များ၊ အရပ်ဘက်မှ မြန်မာအင်ဂျင် နီယာကောင်စီအသင်းမှ ပညာရှင်များ၏ ပညာအားဖြင့် ပြည်ပပညာရှင်များ၏အကူအညီ အကြံဉာဏ် မပါဘဲ ထိုကျောက်တုံးကြီးကို ရေလမ်းဖြင့် ဆီမီးခုံသို့ သယ်ယူကာ ထိုမှတစ်ဆင့် နေပြည်တော်သို့ မော်တော်ယာဉ်မျိုးစုံဖြင့် ခဲခဲယဉ်းယဉ်း သယ်ယူနိုင်ခဲ့သည်။

ရုပ်မြင်သံကြားမှ နေ့ညမပြတ်မြင်တွေ့ နေရသော စကျင်ကျောက်တုံးကြီး သယ်ယူရေး ကြိုးပမ်းမှုများကို အံ့ဩခြင်းကြီးစွာ လက်ဖျားခါ ချီးကျူးရင်း ကြည့်နေကြသောပြည်သူများ ကုသိုလ်ပီတိဂွမ်းဆီထိ ဖြစ်နေခဲ့ရပေသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ငါးရက်အကြာ ၂၉ ရက်နေ့တွင် ပထမဆုံးသောကျောက်တုံးကြီးများ နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။ စုစုပေါင်းသယ်ယူမှုအကြိမ် ခုနစ်ကြိမ်မျှ ရှိခဲ့သည်။ ရက်သတ္တနှစ်ပတ်ကြာလျှင် ကျောက်တုံးတစ်တုံး နေပြည်တော်သို့ ရောက်သည်။ နောက်ဆုံးအခေါက်မှာ ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် နေပြည်တော်သို့ရောက်သည်။

စကျင်တောင်မှ ရေယာဉ်ဖြင့် မြောင်မြစ်သို့ သယ်ပို့ပြီး မြောင်မြစ်မှတစ်ဆင့် ဧရာဝတီမြစ် ကြောင်းအတိုင်း ဆီမီးခုံ (ဆမိတ်ခုန်ဟု အသံထွက်သည်)သို့ သယ်လာသည်။ ရေကြောင်းလမ်းများချဲ့ ရခြင်း၊ ရာသီဥတုတိုင်းထွာဆန်းစစ်ပြီး ရေကြောင်းကို စက်ယန္တရားဖြင့်ပြုပြင်ပြီးမှ သယ်ဆောင်ခဲ့ရသည်။ လိုအပ်သောနေရာတွင် ယာယီတူးမြောင်း တူးဖောက်သယ်ဆောင်ပြီး သယ်ပို့ပြီးသည်နှင့် တူးမြောင်းများကို တောင်သူလယ်သမားတို့ စိုက်ပျိုးမြေပြန်ရရန် ပြန်ဖို့ပေးခဲ့ရသည်။

ဆီမီးခုံမှတစ်ဆင့် မြို့သာစက်မှုဇုန်ကို ဖြတ်သန်းကာ ကုန်းလမ်းအတိုင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သို့ရောက်အောင် စံကားအင်းအဝိုင်း အထိ အထူးစီမံပြုလုပ်ထားသော ကျောက်တုံးတင် ယာဉ်တွဲကြီးများပေါ်တင်၍ သယ်ရသည်။ လမ်းတစ်လျှောက် တံတားများမှာ တန် ၆၀ အထိသာ ဝန်အား၊ ယာဉ်အားခံနိုင်သဖြင့် လမ်းလွှဲမြေအောက် ဖြတ်လမ်း (Under Pass) သွားလမ်းသစ်များ ဖောက်ခဲ့ရသည်။ ရုပ်ပွားတော် ထုဆစ်သည့် ပင်မကျောက်တုံးတော်ကြီးတင်သော ပစ္စည်းတင် တွဲယာဉ်၏ တစ်ဖက်တစ်ချက်မှ ကားဘီးကြီးများကို ရနိုင်သမျှ ရေတွက်ကြည့်ရာ TV တွင် မြင်ရသရွေ့ တစ်ဖက်တွင် ကားဘီး ၃၀ ခန့်ပါသည်။ တစ်ဖက် တွင် ဘီးကနှစ်ထပ် ဝဲဘက်၊ ယာဘက်တွင်ဆိုလျှင် ကားဘီးကြီး ၁၂၀ ခန့် တပ်ဆင်ထားသည်ကို တအံ့ တဩတွေ့လိုက်ရသည်။ 

ရှောင်လွှဲလမ်းများ ဖောက်လုပ်ခဲ့

တံတားများကို ရှောင်ကွင်းသယ်ဆောင်ရန် ရှောင်လွှဲလမ်း (Divession)များ ဖောက်လုပ်ခဲ့ရ သည်။ ရှောင်လွှဲလမ်းအားလုံး၏အရှည်မှာ မိုင် ၃၀ ကျော်မျှပင်ရှိခဲ့သည်။ ပေ ၂၀ အောက် မြေအောက်ဖြတ်လမ်း (Under pass) နှစ်ခု၊ ပေ ၄၀ အောက် မြေအောက်ဖြတ်လမ်း ၂၀၊ ပေ ၄၀ အထက်တံတား ၅၆ စင်းတို့ကို ပြင်ဆင်ပေးခဲ့ရသည်။ ကျောက်တုံး များသယ်ဆောင်ရာ၌ ရေလမ်းအဆုံး ဆိပ်ကမ်း ဖြစ်သော ဆီမီးခုံတွင်လည်း ကျောက်တုံးတော်ကြီးများကို လာရောက်ဖူးမြော်ကန်တော့ကြသည်။ သယ်ဆောင်ရာလမ်းတစ်လျှောက်တွင်လည်း ဗုဒ္ဓရုပ်ပွားတော်ဖြစ်လာမည့် စကျင်ရတနာကျောက်တော်ကြီးများကို ဗုဒ္ဓအားရည်မှန်းကန်တော့ကြသူများ အဆက်မပြတ်လှပေ။

စကျင်ကျောက်တုံးကြီးများမှ မလိုအပ်ဟု ယူဆရသောအပိုင်း (တန်ချိန် ၅၀၀ ကျော်) ဖြတ်ထုတ်ခဲ့ ရသည့်တိုင် နေပြည်တော်သို့ ခုနစ်ခေါက် သယ်ပို့ရောက်ရှိလာသော စကျင်ကျောက်တုံးကြီးများ၏ စုစုပေါင်းအလေးချိန်မှာ ၇၆၃၂ တန် ရှိပေသည်။ ကျောက်တုံးကြီးများကို ကျွမ်းကျင်သောပညာရှင်များ၊ တပ်မတော်သားများ၊ ဝန်ထမ်းများ၊ ပညာရှင်များ၏ ဇွဲ၊ လုံ့လ၊ သဒ္ဓါတရားတို့ဖြင့် ကြိုးပမ်းအားထုတ်ခဲ့သည်။ ဩဝါဒါစရိယဆရာတော်ကြီးများ မိန့်မှာသည့်အတိုင်း ဦးဆောင်ဘုရားဒါယကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ယူအာမ ဝန္တံခံပြီး မဖြစ်ဖြစ်အောင် တည်ထားခဲ့၊ ဆောက် လုပ်ခဲ့သည်။ ပြည်သူအလှူရှင် (ဘုရားဒါယကာ) များကလည်း အဆက်မပြတ်လှူကြတန်းကြဖြင့် ဘုရားကြီး ထုဆစ်ရာ မာရဝိဇရဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ရာ၌ လိုလေသေးမရှိ အသုံးပြုနိုင်ခဲ့လေသည်။ 

ဗုဒ္ဓဥယျာဉ်တော်ကြီးသည် ၂၅၅ ဧက ကျယ်ဝန်းသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးအား ခေတ်မီဆန်းပြားလှသော CNC စက်များသုံး၍ ထုဆစ်ရာ တိကျ၊ သေသပ်၊ လျင်မြန်စွာအကောင်အထည် ပေါ်လာနိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဆင်းတုတော်အပိုင်း (၁၊ ၂၊ ၃)တို့ကို ရတနာပုလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ရာ ဇန်နဝါရီ လ ၃၁ ရက်နေ့တွင် ပုလ္လင်တော်ထက်သို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် တင်လှူပြီးစီးခဲ့ သည်။ ဗုဒ္ဓရုပ်ပွားတော်မြတ်သည် ဉာဏ်တော် ၆၃ ပေ၊ ပုလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ၈၁ ပေ ရှိသည်။ ဆေးသင်္ကန်း ကပ်လှူလိုက်သောအခါ ကြည်ညိုသပ္ပာယ်ဖွယ်ရာ မာရဝိဇယမြတ်ဗုဒ္ဓအား ဘုရားဖူးပြည်သူတို့ ဖူးမြော်၍မဝ၊ ပူဇော်ကန်တော့၍ မတင်းတိမ် အကြိမ်ကြိမ်ဦးချနေမိကြတော့သည်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ဖေဖော် ဝါရီလ ၁၀ ရက်နေ့တို့တွင် ဌာပနာထည့်သွင်းပူဇော် ခဲ့သည်။ ဇန်နဝါရီလ ၂၇ ရက်နေ့ ပထမအကြိမ် ဌာပနာသွင်းလှူပူဇော်ရာတွင် ခုနစ်ရက်သားသမီး အလှူရှင် ဘုရားဒါယကာ၊ ဒါယိကာမများက ရွှေထည် ၁၀၄ ကျပ် ခြောက်ပဲသုံးရွေးသား၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၂၀၀ ကျပ် သား တစ်ပဲ တစ်ရွေး၊ ကျောက်မျိုးစုံ သုံးကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်များ၊ နိုင်ငံခြားမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေကျောက် သံပတ္တမြားများ လှူကြသည့်အတိုင်း ဦးဆောင် ဘုရားဒါယကာကိုယ်တိုင် ဆရာတော်ကြီးများ၏ ကြီးကြပ်ညွှန်ပြမှုဖြင့် ဌာပနာထည့်သွင်းပူဇော်ခဲ့သည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဒုတိယအကြိမ် ဌာပနာထည့်သွင်းပူဇော်ရာ၌ နိုင်ငံတစ်ဝန်းမှ အလှူရှင် ဘုရားဒါယကာ၊ ဒါယိကာမ (ခုနစ်ရက်သားသမီး များ)က လှူဒါန်းသည့် ရွှေထည် ၁၃၆၀ ကျပ်သား ၅ ဒသမ ၄ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည် ပစ္စည်း ၁၆၈၄ ကျပ်သား ၁၁ ပဲ ၁ ဒသမ ၆ ရွေး၊ ကျောက်မျက်ရတနာပါ ငွေထည်ပစ္စည်း ၁၂၆ ပဲ ၅ ဒသမ ၁ ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံအပါအဝင် နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ရတနာပုလ္လင်တော်ထက်တွင် ထည့်သွင်းပူဇော်ခဲ့သည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ ရိုးရာထုံးများနှင့်အညီ ရတနာပုံခေတ်ဟန် ဘူမိဖဿ မုဒြာပုံစံဖြင့် တည်ထားခဲ့သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အတွင်း နိုင်ငံ၏ မြန်မာ့ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှုသာသနာတော်မှုများ၌ ထိပါးချိုးနှိမ်ခံခဲ့ရသဖြင့် မြန်မာတို့ ကိုယ့်ထီးကိုယ့်နန်း ကိုယ်ကြငှန်းခေတ်တွင် နောက်ဆုံးကျန်ရှိခဲ့သည့် ယဉ်ကျေးမှုကို ပြန်လည်ပုံဖော်ရန်အတွက် ရတနာပုံ ခေတ်၏ဟန်ဖြင့် ထုဆစ်ပူဇော်ကိုးကွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

(ဆက်လက်ဖော်ပြပါမည်)