လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ဦးစီးကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ်၂၄

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်း စံနှုန်း(Standard Operating Procedure –SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီ၏ ပထမ အကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်တွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ကော်မတီဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ပြည်နယ်လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က နိုင်ငံတော်၏ စားရေရိက္ခာ ဖူလုံရေးနှင့် လယ်ယာမြေများ မလျော့ပါးစေရေးအတွက် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေ အပါအဝင် ခေတ်အဆက်ဆက်အတည်ပြုပြဌာန်းခဲ့သည့် လယ်ယာမြေ ဥပဒေ စည်းကမ်းချက်များတွင် လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်း မပြုရ” “ လယ်ယာမြေကို ရာသီသီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက် မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရ” ဆိုသည့် အချက်များကို အတိအလင်း ပြဋ္ဌာန်းထားရှိ ကြောင်း၊ ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်ရန်လိုအပ်လာမှုနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက် မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်းရေးဆွဲပြုစုရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
  
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်း စံနှုန်း(Standard Operating Procedure –SOP) ရေးဆွဲပြုစုရာတွင် ပြီးပြည့်စုံမှုအနေအထား ရရှိနိုင်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များ ဦးဆောင်သည့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လုပ်ငန်း ကော်မတီများအနေဖြင့် သတ်မှတ်ထားသော လုပ်ငန်းတာဝန်များနှင့်အညီ လက်ရှိမြေပြင်တွင် ဖြစ်ပေါ်နေသော ဥပဒေမဲ့ကျူးလွန် လုပ်ဆောင်မှုများကို စနစ်တကျ လေ့လာဆန်းစစ်ပြီး ပြည်သူလူထုများ နစ်နာမှုမရှိစေရေး ဖော်ထုတ်အကြံပြုရန်နှင့် ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းကျောင်းပေါင်းစပ်ကာ ဦးစီးကော်မတီသို့ တင်ပြပေးရန်၊ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအချိန် လျာထားချက်ဘောင်အတွင်း ပြီးစီးအောင်လုပ်ဆောင်နိုင်ရေး ကြိုးပမ်းကြရန်  ပြောကြားသည်။

ဆက်လက်၍ ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ မတိုင်မီ ကာလက ကျူးလွန်မှုကိစ္စရပ်များ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ကျင့်သုံးသည့် နောက်ပိုင်း ကာလ ကျူးလွန်မှုကိစ္စရပ်များ ၊ နောက်နောင် မဖြစ်ပွားစေရေးကိစ္စရပ်များကို ဆွေးနွေး တင်ပြပြီး တက်ရောက်လာသည့် ဦးစီးကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

တည်ဆဲ လယ်ယာမြေဥပဒေနှင့် လယ်ယာမြေ နည်းဥပဒေများကို မျက်ကွယ်ပြုပြီး လယ်မြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေရွာမြေကဲ့သို့ အခိုင်အမာ နေအိမ် ဆောက်လုပ်ခြင်း၊ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ စက်ရုံအလုပ်ရုံများ ဆောက်လုပ်ခြင်းစသည့် ဥပဒေမဲ့ လုပ်ဆောင်နေမှုများကို ဖြေရှင်းရန် နည်းလမ်းများနှင့် ထပ်မံ မဖြစ်ပွားစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၀)ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၁၄၇/၂၀၂၃ ထုတ်ပြန်၍ “လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများဖြေ ရှင်းဆောင်ရွက်မည့်နည်းလမ်း နှင့် နောင်ထပ်မံမဖြစ်ပွားစေရေး ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်း စံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ဦးစီးကော်မတီ”ကိုလည်းကောင်း၊ အဖွဲ့ဝင်(၁၇)ဦးပါရှိသည့် ပြည်ထောင်စု အဆင့် လုပ်ငန်းကော်မတီနှင့် အဖွဲ့ဝင် (၁၈)ဦးပါ နေပြည်တော်၊ တိုင်းဒေသကြီး ပြည်နယ် လုပ်ငန်းကော်မတီကိုလည်းကောင်း ဖွဲ့စည်းထားကြောင်း၊ ဦးစီးကော်မတီအနေဖြင့် စိုက်ပျိုး မြေများ မလျော့ပါးစေရေးနှင့် တိုးပွားလာသောပြည်သူလူထုအတွက် နေထိုင်နိုင်ရန် မြေနေရာ လုံလောက်ရေး၊ တိုးတက်ဖွံ့ဖြိုးလာသော စက်ရုံအလုပ်ရုံများအတွက် မြေနေရာ အသုံးပြု နိုင်ရေးတို့ကို အခြေခံ၍ အဆိုပါ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်း ပေးနိုင်မည့် (Standard Operating Procedure – SOP) ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်