လွိုင်ကော် ဩဂုတ် ၂၅
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကယားပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လွိုင်ကော်မြို့နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံလောက်ငှစွာ ရရှိသုံးစွဲနိုင်ရေးအတွက် အဆင့်မြင့် တိုးချဲ့ဆောင်ရွက်နေသော လွိုင်ကော်မြို့ မိုင်းလုံးရေစက်ရုံတွင် တစ်နေ့လျှင် ရေဂါလန် ၂၅ သိန်း စစ်နိုင်သည့် (Slow Stand Fitter) အနှေးသဲရေစစ်ကန် လုပ်ငန်းတည်ဆောက်နေမှုကို ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့ မိုင်းလုံးရေစက်ရုံမှ ရပ်ကွက်အသီးသီးသို့ လက်ရှိရေပေးဝေဆောင်ရွက်နေမှု၊ ပင်မရေအရင်းအမြစ်မှ လက်ရှိရေဖြန့်ဝေပေးနိုင်မှု၊ တိုးချဲ့ပေးဝေနိုင်ရေးအတွက် ရေစစ်ကန်၊ ရေကြည်ကန်၊ ရေသန့်ကန်များ ဆောက်လုပ်နေမှု၊ လက်ရှိရေပေဝေးလျက်ရှိသော ရေပိုက်လိုင်းများနှင့် အသစ်တိုးချဲ့ တည်ဆောက်ထားသော ရေပိုက်လိုင်းများဖြင့် ပေါင်းစပ်ရေ ပေးဝေနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်မှု လုပ်ငန်းများ စနစ်တကျဖြစ်စေရေး ၊ ကာလရှည်အသုံးပြုနိုင်ရေးအတွက် ခေတ်မီနည်းစနစ်များ အသုံးပြုနိုင်ရေးနှင့် ပြည်သူများ ရာသီမရွေးသောက်သုံးရေ ဖူလုံလောက်ငှစွာရရှိ အသုံးပြုနိုင်စေရေး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
လွိုင်ကော်မြို့၌ သောက်ရေ၊ သုံးရေ လွယ်လင့်တကူ ဖူလုံလောက်ငှစွာ ရရှိသုံးစွဲနိုင်ရေးအတွက် ဘီလူးချောင်းမှ အစပြု၍ မိုင်းလုံး၊ ဥတ္တရာရုံ၊ ဒေါဥခူ၊ နာနတ်တော၊ ဒေါတမ၊ နမ့်ကွတ်၊ ရေနီကန်နှင့် အစိုးရ ရေစက်ရုံအပါအဝင် စုစုပေါင်းရေစက်ရုံ ရှစ်ရုံမှတစ်ဆင့် လွိုင်ကော်မြို့ ရပ်ကွက် ၂၆ ရပ်ကွက်၌ နေထိုင်သော ပြည်သူ တစ်သိန်းခန့်အား တစ်ရက်လျှင် ရေကြည် ၃၇ ဒသမ ၆ သိန်းဂါလန် ဖြန့်ဝေပေးလျက်ရှိပြီး မိုင်းလုံးရေစက်ရုံတွင် တိုးချဲ့ဆောင်ရွက်နေသော (Slow Stand Fitter) အနှေးသဲရေစစ်ကန်လုပ်ငန်း တည်ဆောက်ပြီးစီးပါက မြို့ပေါ်ရပ်ကွက် (၁၃)ရပ်ကွက်ရှိ လူဦးရေ ရှစ်သောင်းခန့်အား နေ့စဉ်သန့်ရှင်းသော သောက်သုံးရေ ထပ်မံဖြည့်ဆည်း ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)