နေပြည်တော် ဩဂုတ် ၂၅
တောင်သူများအတွက် စရိတ်သက်သာဝန်ပေါ့ပြီး အလုပ်တွင်ကျယ်စေမည့် လယ်ယာသုံး စက်ကိရိယာများ အသုံးပြု နိုင်ရေး သုတေသနပြုလုပ်ခြင်း၊ စမ်းသပ်တီထွင်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုကြောင်း၊ အထူးသဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာလုပ်သားရှားပါးလာမှုနှင့် ကောက် စိုက်သမလိုအပ်ချက် အခက်အခဲ ကို ကျော်လွှားနိုင်ရန် တောင်သူအချို့အနေဖြင့် ကောက်စိုက်စက် အသုံးပြုလိုကြသော်လည်း ရင်းနှီးမြှုပ်နှံနိုင်မှု အကန့်အသတ်များ ရှိသည့်အတွက် တန်ဖိုးနည်း ကောက်စိုက်စက်များကို အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေး ရန် လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိစိုက်ပျိုးရေးသုတေသန စိုက်ကွင်းတွင် စက်မှုလယ်ယာဦးစီးဌာန အင်းကုန်းစက်ရုံက စမ်းသပ်ထုတ်လုပ်ထားသည့် ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုး နေမှုကို ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။
ဦးစွာ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က ခြောက်တန်း သွား လက်ဆွဲကောက်စိုက် စက်၏ အစိတ်အပိုင်းအလိုက် တပ်ဆင်ထားရှိမှု၊ ထပ်မံအဆင့်မြှင့်တင်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ထုတ်လုပ်မှု စရိတ်၊ စက်စွမ်းအားနှင့် တောင်သူများ ဝယ်ယူအသုံးပြုနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ကောက်စိုက်စက်အား ထပ်မံဖြည့်စွက် ထည့်သွင်းဆောင်ရွက်သင့်သည်များကို အကြံ ပြု၍ လုပ်ငန်းဆိုင်ရာလိုအပ်ချက် များမှာကြားကာ ဝန်ထမ်းများအား ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်သည်။
လယ်ယာ လုပ်ငန်းခွင်တွင် လယ်ယာလုပ်သားရှားပါးလာလျက်ရှိရာ စပါးစိုက်ပျိုးရာတွင် တိုက်ရိုက်ကြဲပက် စိုက်ပျိုးမှု ကြောင့် မျိုးစေ့လေလွင့်ဆုံးရှုံးမှု၊ မြေဆီလွှာပျက်စီးမှုနှင့် သီးနှံအထွက်နှုန်းကျဆင်းမှုများ ကြုံတွေ့နိုင်သဖြင့် စက်ကိရိယာအသုံးပြုစိုက်ပျိုးနိုင်ရေးနှင့် စရိတ်သက်သာဝန်ပေါ့ပြီး အလုပ်တွင်ကျယ်စေမည့် ခြောက်တန်းသွား လက်ဆွဲ ကောက်စိုက်စက်ကို စက်မှုလယ်ယာဦးစီးဌာနက စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိ အသုံးပြုနေကြသော ကောက်စိုက်စက်များမှာ တန်ဖိုးကြီးမားသော်လည်း ယခု စမ်းသပ်ဆောင်ရွက် လျက်ရှိသည့် ခြောက်တန်းသွား လက်ဆွဲ ကောက်စိုက်စက်မှာ လက်ဆွဲမြေတူးစက်သုံးအပေါ့စား အင်ဂျင်ကို အသုံးပြုထားပြီး တစ်ဧကလျှင် နှစ်နာရီခန့်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှုစရိတ်မှာ ငွေကျပ်သိန်း ၂၀ ဝန်းကျင်ဖြစ်၍ တောင်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်