နေပြည်တော် ဩဂုတ် ၂၅
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကော်မရှင်မှ တာဝန်ရှိသူ များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတား ဖြစ်စေသကဲ့သို့ လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တများပျက်စီးပြီး တရားမျှတသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာမည်ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတား ဖြစ်စေခြင်း၊ ပြည်သူများအကြား ဆင်းရဲချမ်းသာ ကွာဟမှုဖြစ်ပေါ်စေခြင်း၊ ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းတို့အပြင် နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းတစ်ခုလုံး ယိုယွင်းပျက်စီး စေမည်ဖြစ်ကြောင်း၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများ ဆောင်ရွက် ပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က အဂတိလိုက်စားမှုသည် လူတို့၏ မတော်လောဘကြောင့်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနှောင့်ယှက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ တွင် ပုဒ်မ ၃(က) (၂)၌ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် နိုင်ငံဘဏ္ဍာပျက်စီးဆုံးရှုံးစေပါက အဂတိလိုက်စားမှုမြောက်ကြောင်း ထည့်သွင်းပြဋ္ဌာန်းထားသည့်အတွက် သတိပြု ဆင်ခြင်ရန်လိုကြောင်း၊ ဝန်ထမ်းများ ကိုယ်ကျင့်တရားကောင်းမွန်စွာ အများပြည်သူအကျိုး ရှေးရှုဆောင်ရွက်မည် ဆိုပါက အဂတိတရား လျော့နည်းပပျောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက အဂတိလိုက်စားမှုတိုက်ဖျက် ရေး ဥပဒေများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုး များ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များ၊ စုံစမ်းစစ်ဆေးမှုဆိုင်ရာများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများ၏ သိရှိ လိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်