အိမ်မဲ သြဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ဆင်တိုးကျေးရွာ၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ရက်သတ္တပတ်အဖြစ် တိရစ္ဆာန်ရောဂါများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
ထိုကဲ့သို့ ကွင်းဆင်းဆောင် ရွက်ရာ၌ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မြောင်းမြခရိုင် ဦးစီးမှူး ဒေါ်ဖြူဖြူဝင်း၊ အိမ်မဲမြို့နယ် ခေတ္တဦးစီးမှူး ဒေါက်တာစိုးသီဟကျော်နှင့်ဝန်ထမ်းများက ကျွဲ၊ နွား၊ ဝက်များတွင် ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ၊ ကြိုတင် ကာကွယ်ကုသရေး နည်းလမ်းများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဝန်ထမ်းများက တောင်သူများ မွေးမြူထားရှိသည့် နွားများနှင့် ဝက်များကို ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်း၊ နွားခြံများနှင့် ဝက်ခြံများကို ပိုးသတ်ဆေးဖျန်းပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အိမ်မဲ(ပြန်/ဆက်)