လယ်ဝေး သြဂုတ် ၂၅
နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးသည် ဩဂုတ် ၂၄ ရက်က လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွား မြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆန်စက်နှင့် ဆီစက်လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လယ်ဝေး မြို့နယ် ကံလှကျေးရွာရှိ ဦးဌေးထက်၏ တစ်ရက် တန် ၄၀ ကျ မြရတနာဆန်စက်သို့ ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးစောဝင်းက လယ်ဝေးမြို့နယ်၏ ဒေသဝမ်းစာဖူလုံမှု အခြေအနေ၊ ၂၀၂ ၂-၂၀၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးပြီး ပြန်လည်ကောက်ခံရရှိမှု အခြေအနေနှင့် ရန်ပုံငွေ ပြန်လည်ပေးသွင်းမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က နိုင်ငံ့စီးပွား ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တောင်သူများထံမှ နွေစပါး ပြန်လည်ကောက်ခံ၍ စပါး အခြောက်ခံမှု၊ ကြိတ်ခွဲမှု၊ စနစ်တကျ ထုပ်ပိုးသိမ်းဆည်းမှုအခြေအနေ၊ နိုင်ငံတော် အရန်ဆန်အဖြစ် ပေးသွင်းမှုအခြေအနေများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေ လျှောက်ထားသည့် လယ်ဝေးမြို့နယ် ချမ်းသာကြီးကျေးရွာရှိ ဦးမောင်မောင်ဦး၏ အောင်သမာဓိ ဆီစက်သို့ ရောက်ရှိပြီး ဆီစက်လုပ်ငန်းရှင်၏ ချေးငွေရယူ၍ လက်ရှိဆီစက်၏ ကြိတ်ခွဲမှုစနစ် အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ဆီထွက်သီးနှံများ တိုးချဲ့သိုလှောင်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော် ကောင်စီအဖွဲ့ဝင်သည် လယ်ဝေး မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဒုတိယ မြို့နယ်ပညာရေးမှူး၊ တာဝန်ခံ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးနှင့် ကျောင်းသား ကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန် ကာကွယ်ဆေးများ၊ အာဟာရ တိုက်ကျွေး ခြင်း၊ အသိပညာပေး ဟောပြောခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဝေကြည်(ပြန်/ဆက်)