နေပြည်တော် ဩဂုတ် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် မွေးမြူရေးဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန ရုံးဝင်းအတွင်း တိရစ္ဆာန်ဆေးကု ဒီပလိုမာသင်တန်းကျောင်းဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု ၊ တိရစ္ဆာန်ဆေးကု ဒီပလိုမာသင်တန်းကျောင်း တိရစ္ဆာန်ကုသမှု လေ့ကျင့်သင်ကြား ရေးဆေးရုံ၊ စာသင်ဆောင်၊ အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးကာ သင်ကြားရေး သင်ယူ ရေးအကြိုလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ထားရှိရန် လိုအပ်ချက်များကို မှာကြားသည်။
ထို့နောက် မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲတွင် ဖွင့်လှစ် ပို့ချလျက်ရှိသည့် အခြေခံပျားမွေးသင်တန်းအမှတ်စဉ်(၂၂) သင်တန်းသားများနှင့် တွေ့ဆုံ ပြီး ပျားရည်၊ ပျားဖယောင်း သန့်စင်အလုပ်ရုံသို့ ရောက်ရှိကာ ဌာနနှင့် ပုဂ္ဂလိကများမှ သန့်စင်ရန် ပေးပို့လာသည့် ပျားရည်ကုန်ကြမ်းများကို စနစ်တကျစစ်ဆေးလက်ခံခြင်း၊ သိုလှောင်ခြင်း၊ ပျားရည်များကို ခွင့်ပြုချက်နှင့်အညီ သန့်စင်ပေးခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ)၌ မျိုးရေခဲချောင်း ထုတ်လုပ်လျက်ရှိသည့် ရွှေနီ၊ ပါရှန်နှင့် ယရာမင်နွားသိုး မွေးမြူထားရှိမှု၊ ပျဉ်းမပင်မွေးမြူခြံတွင် နေဗီယာပတ်ချောင်း၊ တေကူရန်၊ အစ္စရေးမြက်ချို၊ Ever Green Grass၊ နှံစားပြောင်း၊ မွန်ဘားဆား၊ စတိုင်လိုမြက်မျိုးများ စိုက်ပျိုးထားရှိမှုနှင့် အပင် အမျိုး အစားအလိုက် အာဟာရပါဝင်မှုနှင့် မျိုးစေ့ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၂၆)မိုင်(၂)ဖာလုံရှိ ဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုံ၌ အသားစားနွားယီလင့်၊ အင်ဒိုဘရာဇီးနွားမျိုးများ မွေးမြူထားရှိမှုနှင့် ဖရီရှန်နို့စားနွားများ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။
သတင်းစဉ်