နန္ဒာလွင်မိုး( Myanmar-ISIS )

(ယမန်နေ့မှအဆက်)

ဆွေးနွေးပွဲပထမပိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများ

ယနေ့ခေတ်၏ သတင်းအချက်အလက် နည်းပညာကဏ္ဍမှာ အကန့်အသတ်မဲ့ ကြီးထွားလာပြီး လူမှုဘဝသည် ယခင်ကဲ့သို့ တစ်ဦးနှင့်တစ်ဦး၊ တစ်နေရာနှင့်တစ်နေရာ၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်သွယ်ဆောင်ရွက်ရန် အချိန်များစွာမယူရတော့ဘဲ အင်တာ နက်ဟူသည့် ပလက်ဖောင်းတစ်ခုအား အသုံးပြု၍ လုပ်ငန်းဆောင်တာ အတော် များများကို အချိန်တိုအတွင်း ပြီးမြောက်နိုင်ကြသည်။ ထို့ကြောင့် မိမိတို့ မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများသည်လည်း အဆိုပါ နည်းပညာခေတ်ရေစီးကြောင်းတွင် မလွဲမသွေမျောပါနေကြပြီး အထူးသဖြင့် ငွေကြေးဆိုင်ရာနည်းပညာ၊ အီလက်ထရွန်နစ်ကုန်သွယ်ရေး အစရှိသည်တို့အား အကျိုးရှိရှိအသုံးပြု လာကြရာ ကွန်ရက်ချိတ်ဆက်မှုနှင့် အင်တာနက်ဝန်ဆောင်မှုများကို တစ်စထက်တစ်စ တိုးတက်တောင်းဆို အသုံးပြုလာလျက်ရှိပါသည်။ သို့သော်လည်း အဆိုပါပလက်ဖောင်းသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၎င်းနည်းပညာကို ဖန်တီးထားကြသူများအပေါ် အလုံးစုံ မှီခိုအသုံးပြုနေရခြင်းဖြစ်သောကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအကျိုးဖြစ်ထွန်းသော်လည်း ရောင်ပြန်ဟပ်မှုအဖြစ် သတင်းအချက်အလက်များဖြစ်ပေါ်စေသည့် ဆိုက်ဘာလုံခြုံရေးစိန်ခေါ်မှုကိုပါ နောက်ဆက်တွဲ ရင်ဆိုင်ရလျက်ရှိပါသည်။ အင်တာနက် နည်းပညာအား နည်းလမ်းမျိုးစုံဖြင့် အသုံးချလျက်ရှိရာတွင် အီလက်ထရွန်နစ်မှုခင်းများ ဖြစ်ပေါ်လာသည့် အွန်လိုင်း လောင်းကစားများနှင့် လိမ်လည်မှုများကို ကျူးလွန်လျက် တစ်လွဲအသုံးချနေခြင်းများကိုလည်း ရင်ဆိုင်ကြရလျက်ရှိသည်။

ကာစီနိုကစားဝိုင်းများသည် သိသာထင်ရှားမြင်နိုင်သော လောင်းကစားမှု များဖြစ်သော်လည်း အွန်လိုင်းလောင်း ကစားများမှာမူ မမြင်နိုင်ဘဲ ထိန်းချုပ်နိုင်ရန် ခက်ခဲပြီး နေရာအနှံ့၊ နိုင်ငံအနှံ့၊ ကမ္ဘာအနှံ့သို့ ပျံ့နှံ့လျက်ရှိကာ ကမ္ဘာလုံး ဆိုင်ရာလုံခြုံရေးနှင့် စီးပွားရေးကို ခြိမ်းခြောက်လျက်ရှိပါသည်။ ဒေသတွင်း ဆိုက်ဘာရာဇဝတ်မှုများသည်  တွင်ကျယ်စွာ ပေါ်ပေါက်လျက်ရှိနေရာ မဲခေါင်ဒေသ တွင်းနိုင်ငံများက ပူးပေါင်းဖြေရှင်းရန် လိုအပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံနှင့် စပ်လျဉ်းပါကလည်း လောက်ကိုင်ဒေသနှင့် မြဝတီ၊ ရွှေကုက္ကိုဒေသတို့ကို ဆိုက်ဘာပြစ်မှုများဖြင့် သတင်းများတွင် လူသိများလျက်ရှိရာ နိုင်ငံတော်ပုံရိပ်ကို ထိပါးစေသည်ဟုယူဆပါသည်။

ဆိုက်ဘာ ရာဇဝတ်မှုများတွင်  အများဆုံးတွေ့ရသည့် အမှုအခင်းများမှာ အွန်လိုင်းလောင်းကစား၊ ဘဏ်စာရင်းအကောင့် လိမ်လည်ထုတ်ယူမှု၊ တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ငွေကြေးခဝါချမှု၊ သတင်းအချက်အလက် တရားမဝင်ထောက်လှမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ လိမ်လည်မှု၊ ငွေကြေးလွှဲပြောင်းပေးရန် လိမ်လည်စေခိုင်းမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အမြတ်ထုတ်မှုနှင့် လူကုန်ကူးမှုများဖြစ်ကြပါသည်။ လေ့လာစုံစမ်းမှုများအရ ရာဇဝတ်မှုကျူးလွန် သူများသည် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများကို အသုံးပြုကာ ကျူးလွန်ကြလေ့ရှိကြောင်း တွေ့ရှိရပါသည်။ ဆိုက်ဘာခြိမ်းခြောက်မှုများသည် ဆိုက်ဘာဝန်ဆောင်မှုကို တိုက်ခိုက်ခြင်း၊ ပုဂ္ဂိုလ်ရေး အချက်အလက်များအား ခိုးယူပြီး အလွဲသုံးစားပြုလုပ်ခြင်း၊ အစိုးရ များ၏အချက်အလက်များ ပေါက်ကြားစေခြင်း၊ စီးပွားရေးလုပ်ငန်းများ၏ သတင်းအချက်အလက်များ ပေါက်ကြားစေခြင်းတို့အပြင် နိုင်ငံ (သို့မဟုတ်) အဖွဲ့ အစည်းတစ်ခု (သို့မဟုတ်) စီးပွားရေး လုပ်ငန်း၏ အုပ်ချုပ်မှုယန္တရားကို တဖြည်းဖြည်း ထိခိုက်စေလာနိုင်ပါသည်။

နည်းပညာများ တိုးတက်လာသည် နှင့်အမျှ ဆိုက်ဘာရာဇဝတ်မှုများကိုလုပ်ဆောင်လာကြသည့် နည်းပညာရပ် များသည်လည်း ကျွဲကူးရေပါဆိုသကဲ့သို့ မြင့်မားလာကာ နောက်ပိုင်းတွင် အလေးပေးဖြေရှင်းရမည့် အဓိကပြဿနာများ ဖြစ်လာကြပါသည်။ အထက်ဖော်ပြပါ ဆိုက်ဘာမှုခင်းများအပြင် ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများသည် ဥပဒေ ကြောင်းအရ အရေးယူနိုင်ရန် ခက်ခဲလျက်ရှိပြီး ယင်းပြဿနာများကို တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်နိုင်ငံချင်းအနေဖြင့် ဖြေရှင်း၍မရနိုင်သည်မှာ အများအသိပင်ဖြစ်ပါသည်။ 

 သို့ဖြစ်၍ အဆိုပါပြဿနာများကို ဒေသတွင်းနိုင်ငံများအနေဖြင့် လက်တွဲ ဖြေရှင်းကြရမည်ဖြစ်ပြီး ယခုကဲ့သို့ ဆွေးနွေးပွဲများပြုလုပ်၍ အဖွဲ့ဝင်နိုင်ငံများမှ အသိပညာရှင်သုတေသီများ ပူးပေါင်းပြီး အတွေးအခေါ်အယူအဆသစ်များ ဖန်တီးဖော်ထုတ်ကာ အဆုံးအဖြတ် ပေးကြရမည့် သက်ဆိုင်ရာအာဏာပိုင် များအတွက် အထောက်အကူပြုမည့် အကြံဉာဏ်များ ပေးနိုင်မည်ဆိုပါက မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများအကြား သမားရိုးကျမဟုတ်သည့် လုံခြုံရေးစိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းရန်အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ပါသည်။ 

ဆွေးနွေးပွဲ ပထမပိုင်းမှ လက်တွဲပူးပေါင်း ဖြေရှင်းနိုင်ရေး အဆိုပြုချက်များ 
 ဆိုက်ဘာ ရာဇဝတ်မှုများအား တိုက်ဖျက်နိုင်ရန်အတွက် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပြီး ဆိုက်ဘာရာဇဝတ်မှုများအပေါ် ဒေသတွင်းနိုင်ငံများက လက်တွဲကာ ပေါင်းစည်းအဖွဲ့တစ်ရပ်ဖွဲ့စည်း၍ ယင်းမှ တစ်ဆင့် ရှုပ်ထွေးသော နယ်စပ်ဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုများကို ဦးဆောင်တိုက်ဖျက်သင့်ပါသည်။ ယင်း အဖွဲ့သည် ဆိုက်ဘာရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ သတင်းအချက်အလက် ကောက်ယူခြင်း၊ မျှဝေခြင်းနှင့် သုံးသပ် ခြင်းတို့ပြုလုပ်ရန်၊ ဒေသဆိုင်ရာ လမ်းပြမြေပုံကို ပူးတွဲမဟာဗျူဟာ ချမှတ်ရေးဆွဲကာ ဦးစားပေးနှင့် မဟာဗျူဟာများ ချမှတ်ဖော်ဆောင်ရေး၊ မဟာဗျူဟာအား အကောင်အထည်ဖော်ခြင်းနှင့် သုံးသပ်ခြင်းများ ဆောင်ရွက်ရေး၊ ဆိုက်ဘာလုံခြုံ ရေးဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ စွမ်းရည်တည်ဆောက်ရေး၊ ပုဂ္ဂလိက၊ ပြည်သူ၊ အသိပညာရှင်နှင့် အစိုးရမဟုတ်သော အစရှိသည့် သက်ဆိုင်သူများ အားလုံးပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှုတို့ ဆောင်ရွက်ရေး တို့ဖြစ်သည်။ ထို့အပြင် ဆိုက်ဘာ ရာဇဝတ်မှုများနှင့်စပ်လျဉ်း၍ စွမ်းရည် တည်ဆောက်ရေး၊ တိုးတက်နေသည့် နည်းပညာကို အသုံးပြုရေး၊ ပြည်သူများအကြား အသိပညာပေးရေး၊ ဥပဒေနှင့် နည်းဥပဒေများ တိုးမြှင့်ထိန်းချုပ်ရေး၊ ဆိုက်ဘာ နည်းပညာရှင်များထံမှ နည်းပညာ အထောက်အကူရယူရေး၊ မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးပွဲတွင် အသိပညာရှင်များက အဆိုပြုခဲ့ကြပါသည်။

ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများ

မဲခေါင်-လန်ချန်းဒေသသည် ပထဝီ အနေအထား၊ ရာသီဥတုနှင့် အရင်းအမြစ် များကြွယ်ဝကြပြီး ဒေသတွင်းနိုင်ငံ အားလုံးသည် စိုက်ပျိုးရေးကို အဓိက အားထားကာ နိုင်ငံအား တည်ဆောက်ထားကြသဖြင့် စိုက်ပျိုးရေးသည် ဒေသ တွင်းစီးပွားရေးတိုးတက်မှု၏ တွန်းအားဖြစ်ပါသည်။ သို့ရာတွင် ရာသီဥတု ပြောင်းလဲမှုများကြောင့် စိုက်ပျိုးရေးကို ထိခိုက်ကာ ဒေသတွင်း စီးပွားရေး သာမက ကမ္ဘာ့စီးပွားရေးကိုပါ ရိုက်ခတ်မှုများရှိနေပြီး ကမ္ဘာ့စားရေရိက္ခာ ထောက်ပံ့မှုကွင်းဆက်ကို အနှောင့်အယှက်ပြုလျက်ရှိပါသည်။ သို့ဖြစ်ရာ ဒေသတွင်းနိုင်ငံများတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စားရေရိက္ခာစျေးနှုန်း မြင့်တက်နေသဖြင့် စားရေရိက္ခာဖူလုံရေးအတွက် စိုးရိမ်မကင်းဖြစ်လာလျက် ရှိပါသည်။

စားရေရိက္ခာလုံခြုံမှုမရှိရခြင်းသည် လူမှုဘဝ ညီမျှမှုမရှိခြင်း၊ အစားအစာ စျေးကစားခြင်း၊ သီးနှံမျိုးရင်းများ လျော့ပါးကျဆင်းခြင်း၊ ဇီဝပြုပြင်မှုရှိ ခြင်းများနှင့် မျိုးဆက်သစ်လယ်သမားများ နေရပ်မှ စွန့်ခွာခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ 

အထက်ဖော်ပြပါ စားရေရိက္ခာဖူလုံရေးပြဿနာများအပြင် ယနေ့အချိန်အခါတွင် လူအများစုသည် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများတွင် ယခင်ခေတ်လူများထက် ပိုမိုရုန်းကန်လှုပ်ရှားနေရပြီး အိမ်ထောင်စုတိုင်းနီးပါးတွင် အိမ်ရှိလူအားလုံး အိမ်ပြင်သို့ထွက်၍ အလုပ်လုပ်ကိုင်နေရသဖြင့် နေ့စဉ်ပုံမှန် ချက်ပြုတ်စားသောက်မှုပုံစံမှာ ကွယ်ပျောက်လာပြီး အလွယ်တကူရရှိသည့် အစားအစာများ၊ အသင့်စား အစားအစာများ ပိုမိုအားပြုစားသုံးလာကြသည်ကို တွေ့ရှိရသည်။ အသင့်စားစားဖွယ် ဥပမာ ခေါက်ဆွဲခြောက် စသည်တို့သည် အာဟာရတန်ဖိုး နည်းပါးခြင်းကြောင့် လူများစုသည် အာဟာရပြည့်ဝသည့် အစားအစာများစားသုံးနိုင်မှု ကျဆင်းလာလျက်ရှိလာပါသည်။ ထို့အပြင် ပြည်သူများသည် စိုက်ပျိုးသီးနှံထုတ်ကုန် ကျဆင်းမှု၊ ဇီဝပြုပြင်ပြောင်းလဲထားသည့် အသီးအနှံနှင့် အသီးအရွက်များ စားသုံးမှုတို့ကြောင့် အာဟာရဓာတ် ချို့တဲ့သည့် နောက်ဆက်တွဲပြဿနာများကို ရင်ဆိုင်လာနေကြရပါသည်။ 

သို့ဖြစ်၍ အထက်ဖော်ပြပါ ပြဿနာရပ်များ လျှော့ချနိုင်ရေးအတွက် မဲခေါင်-လန်ချန်း ဒေသတွင်း စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ MLC Bumper Harvest projects ကို ၂၀၂၀ ပြည့်နှစ်တွင် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများက စတင်ဆောင်ရွက် ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် Lancang-Mekong Agricultural Cooperation Action Plan ကို စတင်ဆောင်ရွက်လျက်ရှိပါသည်။

ဆွေးနွေးပွဲ ဒုတိယပိုင်းမှ လက်တွဲ ပူးပေါင်းဖြေရှင်းနိုင်ရေး အဆိုပြုချက်များ 
သို့ဖြစ်၍ စားရေရိက္ခာလုံခြုံရေးနှင့် စပ်လျဉ်း၍ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသည့် မျိုးစေ့များ၊ ခေတ်မီစိုက်ပျိုးရေး ကိရိယာများ အသုံးပြုရန်နှင့် ဓာတ်မြေသြဇာလျှော့ချရေး အသုံးပြုရေးတို့ ဆောင်ရွက်သင့်ကြောင်းနှင့် ပြည်သူများအားလုံး စားရေရိက္ခာလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့၏ ဆက်စပ်မှုကို နားလည်ပြီး ဒေသတွင်း ပြည်သူများအားလုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှု လိုအပ်ကြောင်းကို ပြည်သူများအား အသိပညာပေးသင့်ပါကြောင်း ဆွေးနွေးပွဲ၌ အသိပညာရှင်များက အဆိုပြုခဲ့ကြပါသည်။

နိဂုံး

နိဂုံးချုပ်အားဖြင့်ဆိုရလျှင် သဘာဝပတ်ဝန်းကျင် အရင်းအမြစ် များအနက် အရေးပါသည့် ရေအရင်းအမြစ်ဖြစ်သည့် မဲခေါင်/လန်ချန်း မြစ်တစ်ခုတည်းကို တည်မှီကာ မျှဝေသုံးစွဲလျက်ရှိကြသည့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသော နိုင်ငံများအကြား ပိုမိုရင်းနှီး ချစ်ကြည်သည့်ဆက်ဆံရေးကို မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်းပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခြင်းဖြင့် အတူတကွအဖြေရှာ၍ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဖန်တီးတည်ဆောက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ကျင်းပခဲ့သည့် ဆွေးနွေးပွဲကြီး အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီဖြစ်ပါသည်။ ဆွေးနွေးပွဲ၏ ဆွေးနွေးချက်၊ အကြံပြုချက်များ၊ သုံးသပ်ချက်များသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများ၏ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများအပေါ် အရေးယူတုံ့ပြန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်မည်ဆိုပါက ယခုဆွေးနွေးပွဲသည် အမှန်တကယ်အကျိုးရှိ စေတော့မည် ဖြစ်ပါသည်။ ။