မောင်မောင်ဖြူ

၂၃-၈-၂၀၂၃ ရက်မှအဆက်

“အေးလေ၊ ဘာပဲဖြစ်ဖြစ် ကိုအေးဆွေဟာ ဌေးရဲ့ မျက်နှာကိုတော့ ထောက်ဖို့ကောင်းပါတယ်” စသည်ဖြင့် ခင်သန်းဌေးသည် သူ၏ မကျေနပ်ချက်များကို အခြားသောရွာမှ ထန်းပိုင်ရှင်၊ ထန်းသမားတို့၏ အပေးအယူစနစ်များနှင့် နှိုင်းယှဉ်ကာ ကိုအေးဆွေအား အတိုက်အခံပြု၍ တင်ပြဆွေးနွေးလေသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ဌေးဌေးနဲ့ ကျွန်တော်တစ်နေ့မှာ ရင်ဆိုင်ရမယ်ဆိုတာ မဆွကတိုင် သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဌေးဌေးဘဝဟာ ငွေရှင်၊ ကြေးရှင်၊ မြေရှင်၊ ထန်းပိုင်ရှင်ဆိုတဲ့ လူတန်းစား မိဘများက ပေါက်ဖွားလာပြီး အဲဒီပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတော့ ဌေးဌေးတို့ရဲ့ မိဘများအကျိုးကို ထိခိုက်လာရင် ကျွန်တော့်အပေါ်မှာ စိတ်ကွက်လာမယ်၊ နာကြည်းလာမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ဌေးဌေးရဲ့ မိဘများရယ်ဆိုပြီးတော့ ပုဂ္ဂလဓိဋ္ဌာန်နဲ့တော့ တိုက်တာမဟုတ်ပါဘူး။ ဒါကို တော့ ယုံကြည်စေချင်တယ်။ ကျွန်တော်တိုက်တာက “မူ” အရ တိုက်တာပါ။ ဒါကြောင့်လည်း ဟိုတုန်းက ပဋိပက္ခဖြစ်ပြီးစ ဌေးဌေးဆီကစာရောက်လာတော့ ကျွန်တော် ဌေးဌေးဆီကို ချက်ချင်းပဲ ဖြေရှင်းချက်စာတွေကို ပြန်ပို့ပါတယ်။ တစ်စောင်မက သုံး လေး စောင်တိုင်အောင် ပို့ပါတယ်။ ဒါပေတဲ့ အဲဒီတုန်းက ကျွန်တော့်စာကို ဌေးဌေးက တစ်စောင်မှ လက်မခံခဲ့ပဲကိုး။ ဖောက်တောင်မကြည့်ဘဲ ပြန်ပို့လိုက်တာချည်းပဲ မဟုတ်လား”

“ဟုတ်တယ်လေ၊ အဲဒီတုန်းက ဌေးတော့ ကိုအေးဆွေအပေါ်မှာ သိပ်ပြီးနာကြည်းသွားတယ်။ ဌေးတို့ကို လုပ်မှလုပ်ရက်ပလေဆိုပြီး စိတ်လည်း သိပ်ဆိုးတယ်။ စာလာတာတွေ့တိုင်း သိပ်ဒေါသဖြစ်တယ်” 

“ဒါဖြင့်ရင် ခုကော...”

ခင်သန်းဌေးသည် ပြုံးရယ်လာ၏။ ပြုံးထေ့ထေ့ဖြင့် ကိုအေးဆွေအား ကြည့်နေ၏။ ပါးစပ်ကမူ ဘာမျှမပြော။ ဤအပြုအမူလေးများကြောင့်  ကိုအေးဆွေ၏စိတ်ထဲဝယ် ခင်သန်းဌေး၏သဘောထားကို နားမလည်အောင်ဖြစ်သွား၏။

“ဒါဖြင့် ခု စိတ်မဆိုးတော့ဘူးပေါ့”

ကိုအေးဆွေက ကြောင့်ကြသံဖြင့် ထပ်ဆို၏။ ခင်သန်းဌေးကလည်း ခေါင်းလေးကို ညိတ်ပြ၏။

ထိုနောက် ကိုအေးဆွေသည် ခင်သန်းဌေးအား ထန်းပိုင်ရှင်များနှင့် ထန်းသမားများသည် ဘာကြောင့် ယခုကဲ့သို့ ပဋိပက္ခဖြစ်ရသည်ကို အခြေခံအကြောင်းရင်း သဘောများကစပြီး ရှင်းပြလေသည်။ တော်လှန်ရေးအစိုးရ၏ နောက်ဆုံး ပြဋ္ဌာန်းလိုက်သော တောင်သူလယ်သမား သီးစားဥပဒေကို ကိုးကား၍လည်းကောင်း၊ ထိုသီးစားဥပဒေအရ ယနေ့ ထန်းတက်သမားများက ထန်းပိုင်ရှင်များအား ငါးစု တစ်စု ပေးသောမူသည် ဆိုရှယ်လစ် စီးပွားရေးစနစ်ဖြင့် ဆိုရှယ်လစ်လောကသို့ ချီတက်နေသော ယနေ့မြန်မာနိုင်ငံတွင် ပေးသင့်သည်ထက် ပိုပေးနေရသေးကြောင်း စသည်ဖြင့် တင်ပြဆွေးနွေးသွားလေသည်။

“အဲဒီတော့ ဌေးဌေးလည်း စဉ်းစားကြည့်ပါ။ ဒီနေ့ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေက နေ့စဉ်နဲ့အမျှ လျင်မြန်စွာ ပြောင်းလဲနေတယ်ဆိုတာ ကိုယ်တွေ့မျက်မြင်မို့ အထူးပြောစရာ လိုမယ်မထင်ပါဘူး။ နိုင်ငံခြား အရင်းရှင်ကြီးတွေရဲ့ လုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းရုံတောင်မကတော့ဘူး။ အဲဒီ နိုင်ငံခြားသား အရင်းရှင်ကြီးတွေရဲ့ လက်ဝေခံဖြစ်တဲ့ တိုင်းရင်းသားအရင်းရှင်တွေရဲ့ လုပ်ငန်းကြီးတွေတောင် အခုဆိုရင် တစ်ပြည်လုံးမှာ အားလုံးပြည်သူပိုင်သိမ်းပြီးပြီ မဟုတ်လား။ ဒါကြောင့် ဒီနေ့ခေတ်ဟာ အရင်းရှင်၊ ဓနရှင်၊ မြေရှင်ဆိုတဲ့ ခေါင်းပုံဖြတ်စနစ်ဆိုးတွေ၊ လုပ်သားပြည်သူတွေအပေါ် ကလိမ်ကျပြီး အမြတ်ကြီးစားစနစ်နဲ့ ကုန်ရောင်းကုန်ဝယ် ပြုလုပ်လိုတဲ့ ပုဂ္ဂလိကရောင်းဝယ် ရေးစနစ်တွေဟာလည်း ဒီနေ့တော်လှန်ရေးအစိုးရက တိုက်ဖျက်နေပြီမို့ ယခုဆိုရင် ကျဆုံးနေပြီ။ အဲဒီလိုပဲ ဌေးဌေးတို့ရဲ့ ထန်းပိုင်ရှင် ခေါင်းပုံဖြတ်စနစ်ဟာ လည်း ဒီနေ့မကျဆုံးရင် မနက်ဖြန်ခါ ကျဆုံးမှာပဲ။ ဒီစနစ်ကို ကျွန်တော်တို့က မတိုက်ဖျက်ရင် တခြားလူက ကနေ့ နက်ဖြန်ဆိုသလို တိုက်တော့မှာ အမှန်ပဲ”

ခင်သန်းဌေးသည် ကိုအေးဆွေ တင်ပြသွားသည်ကို စိတ်ဝင်စားစွာဖြင့် အာရုံစိုက်၍ နားထောင်နေသည်။ ပြန်လည်၍ မေးခွန်းထုတ်လိုလှသော်လည်း ကိုအေးဆွေ၏ အဆက်မပြတ် ပြောဆိုသွားမှုကြောင့် အသာငြိမ်နေလိုက်ရတော့သည်။

“တကယ်တော့လည်း ထန်းပိုင်ရှင်များအနေနဲ့ ဒီလို ငါးလှည့်တစ်လှည့် ထန်းလျက်စုရပေမဲ့ ဘာမှများများစားစား ထိခိုက်မသွားနိုင်ပါဘူး။ ထန်းပိုင်ရှင် တိုင်းဟာ တခြားတစ်ဖက်တစ်လမ်းက ဝင်ငွေရှိတဲ့ သူတွေချည်းပါပဲ။ ထန်းသမားခမျာမှာသာ ဒီတက်တဲ့ ထန်းကလွဲရင် တခြားဘယ်ကမှ ဖြစ်ဖြစ်မြောက် မြောက် လုံလုံလောက်လောက် ဝင်ငွေရှိတာမျိုး မဟုတ်ဘူး။ ဌေးဌေးပြောသလို ငါးစု တစ်စု ကျေးဇူးကြောင့် ထန်းသမားတွေဟာ အနည်းနဲ့အများ အကျိုးရှိလာတာတော့ အမှန်ပါပဲ။ ဒါကိုတော့ ထန်းပိုင်ရှင်တွေဟာ ကိုယ်ကဘာမှမလုပ်ရဘဲနဲ့ နေ့စဉ်နဲ့အမျှ သက်စွန့်ဆံဖျား ကိုယ့်အတွက် အလုပ်လုပ်ပေးနေတဲ့ ကိုယ့်ထန်းသမားတွေကို လူလူချင်း လူသားတစ်ယောက်အနေနဲ့ စေတနာထားသင့်ပါတယ်။ တကယ်ဆိုတော့ ထန်းသမားတွေဟာ နှစ်ပေါင်းများစွာကတည်းက အဆင်းရဲ၊ အငတ်ပြတ်ခံပြီးတော့ ထန်းပိုင်ရှင်တွေကို သွပ်မိုးပျဉ်ထောင် အိမ်ကြီးတွေနဲ့ နေနိုင်အောင်၊ တိုက်အိမ်ကြီးတွေနဲ့ နေနိုင်အောင်၊ သားသမီးတွေ ကောလိပ်တက္ကသိုလ်ပို့ပြီး ပညာသင်နိုင်အောင် လုပ်ကျွေးလာခဲ့ကြတာပါ။ ဒီတော့ကာ ဒီနေ့ထန်းပိုင်ရှင်တွေဟာ “ခေတ်ပြောင်း တော်လှန်ရေးအရ” ဒီ ငါးစုတစ်စု ထန်းလှည့်ကို ကျေနပ်စွာနဲ့ လက်ခံရမယ့်အဆင့်ကို ရောက်နေပြီ ဆိုတာပါပဲ” 

ကိုအေးဆွေသည် သူ့စကားကို အဆုံးသတ်ကာ ခင်သန်းဌေး၏သဘော မည်သို့ရှိသည်ကို အကဲခတ်ဟန်ဖြင့် ခင်သန်းဌေးအား စူးစိုက်၍ကြည့်လိုက်သည်။ ခင်သန်းဌေးကလည်း မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်ရင်း ကိုအေးဆွေအား ပြန်၍ကြည့်လိုက်ကာ ပြုံး၍ပြလိုက်သည်။ ထိုနောက် သူ့နှုတ်ခမ်းလေးများ ပွင့်လာသည်။

“ဪ၊ ကိုအေးဆွေဆိုချင်တာက ဒီနေ့ ဌေးတို့ နိုင်ငံဟာ အရင်းရှင်စီးပွားရေးလမ်းကြောင်းကနေပြီး ဆိုရှယ်လစ် စီးပွားရေးလမ်းကြောင်းပေါ်မှာ ဦးတည်ချီတက်နေပြီမို့ ကိုအေးဆွေတို့ပေးတဲ့ မူစနစ်ဟာ သင့်မြတ်နေပြီလို့ ဆိုချင်တာပေါ့”

ရုတ်တရက်ဆိုသလို မထင်မှတ်သော သူ့ထံမှ မမျှော်လင့်သောစကားများကို ကြားလာရသောကြောင့် ကိုအေးဆွေမှာ ခင်သန်းဌေးအား အလွန်အံ့ဩသွား၏။ အဘယ်ကြောင့်ဆိုသော် စောစောကမူ ပုဂ္ဂလိက ဓနရှင်စီးပွားရေးစနစ်ဖြင့် ကျင့်သုံး နေသော သူတို့ထန်းပိုင်ရှင် လူတန်းစားများဘက်မှ အတိုက်အခံပြောဆိုလာပြီးနောက် ယခုတော့မူ လေသံကတစ်မျိုးဖြစ်လာသည်။
“ဘယ်လိုလဲ ကိုအေးဆွေ၊ ဌေးကို အံ့သြသွားပြီလား။ မအံ့သြနဲ့ ကိုအေးဆွေ၊ ဌေးလည်း ဘဝရဲ့အခြေအနေပေးအရပေါ့။ အမှန်ကတော့ ကိုအေးဆွေ ပြောသလို ခေတ်ကာလအခြေအနေက မယုံကြည်နိုင်လောက်အောင် ပြောင်းလဲနေပြီး နိုင်ငံတော်ရဲ့ သမိုင်းကိုလည်း ထူးခြားစွာ သမိုင်းသစ်တင်နေတဲ့ ဒီလိုအချိန်အခါမျိုးမှာ ဌေးဟာလည်း ခေတ်နောက်မှာ ကျကျန်မနေရစ်ခဲ့စေချင်ဘူး။ ခေတ်ရေစီးကြောင်းနဲ့အတူ မျောပါလှော်ခတ်ပြီး အတူလိုက်ချင်တယ်။ ကိုအေးဆွေတို့ပြောနေတဲ့ ထန်းပိုင်ရှင် ဓနရှင်စနစ်ရဲ့ လောင်းရိပ်အောက်မှာ ဘဝကို မေ့မနေချင်ဘူး။ အမှန်မှာတော့ ဌေးဘဝရဲ့ အတွေ့အမြင်၊ အကြားအသိတွေကို ပြောင်းလဲဖို့ဖြစ်လာတာဟာ ဌေးရဲ့ ဘဝကဏ္ဍတစ်ရပ်မှာ ရှေ့ဆုံးက ပါနေတဲ့သူဟာ ကိုအေးဆွေပဲ” 

“ဟင်၊ ဘယ်လိုပါလိမ့်”

ခင်သန်းဌေး၏နှုတ်ဖျားမှ ထွက်လာသောစကား လုံးများသည် တစ်စထက်တစ်စ ထူးခြားစွာ သုံးနှုန်းပြောဆိုလာမှုကြောင့် ကိုအေးဆွေမှာ မယုံကြည်နိုင်လောက်အောင် အံ့သြလာရသည်။ သုံးနှုန်းလိုက် သည့်စကားလုံးများကလည်း ပြောင်မြောက်လှသည်။ ထိုအထဲတွင် နောက်ဆုံးစကားလုံးများက ကိုအေးဆွေ၏ရင်ကို လှုပ်ရှားသွားစေသည်။

“ဒီလိုပါလေ၊ ကိုအေးဆွေဟာ ထန်းပိုင်ရှင် လူတန်းစားတွေရဲ့ဘဝကို ကိုင်လှုပ်လိုက်တော့ ဌေးတို့ဟာ အတော်တုန်လှုပ်သွားတယ် ကိုအေးဆွေ။ ထန်းပိုင်ရှင် လူတန်းစားတွေဟာ ဘာမှမလုပ် မကိုင်ဘဲနဲ့ အချောင်ထိုင်ပြီးစားလိုတဲ့ လူတန်းစားတွေ၊ အရင်းရှင်စနစ်ကို ကျင့်သုံးနေတဲ့လူတွေ၊ ခေါင်းပုံဖြတ် လူညွန့်ခူးစားနေတဲ့ လူတွေရယ်လို့ ကိုအေးဆွေတို့ဆီက စွပ်စွဲလာတော့ ဌေးလည်း အတော်မခံချင်ဖြစ်လာတယ်။ ဒီတော့ ဌေးဟာ ထန်းပိုင်ရှင်လူတန်းစားတွေရဲ့ဘဝကို နားလည်လာချင်တယ်။ တကယ်ပဲ ကိုအေးဆွေတို့ စွပ်စွဲသလို ဟုတ်သလား၊ မဟုတ်ရင်လည်း ဘယ်လိုစနစ်မျိုးနဲ့ ထန်းသမားတွေအပေါ်မှာ ကျင့်သုံးနေတယ်ဆိုတာ ကို သိချင်လာတယ်။ နောက်ပြီး ဒီနေ့ မြန်မာနိုင်ငံမှာလည်း လုပ်သားပြည်သူတွေ ကောင်းစားရေးဆိုတဲ့ ကြွေးကြော်သံနဲ့အတူ “ဆိုရှယ်လစ်စီးပွားရေးစနစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ်” ဆိုတဲ့ အသံတွေကလည်း တစ်တိုင်းပြည်လုံးမှာ ဖုံးလွှမ်းနေတယ် မဟုတ်လား။ ပြီးတော့ ဒီစနစ်အတိုင်းလည်း နိုင်ငံရဲ့ပေါ်လစီကို ကျင့်သုံးပြီး ဆိုရှယ်လစ်ပန်းတိုင်သို့ အရောက်ချီတက်မယ်လို့ဆိုတယ်။ ဒီတော့ ဌေးလည်း ဒီဆိုရှယ်လစ်စီးပွားရေးစနစ် အကြောင်းကို သိပ်ပြီး စိတ်ဝင်စားလာတယ်။

“နောက်ပြီး ဒီလိုနိုင်ငံကို ဆိုရှယ်လစ်စီးပွားရေး စနစ်နဲ့ တည်ဆောက်နေချိန်မှာ တစ်ဖက်ကလည်း ဆိုရှယ်လစ်နိုင်ငံနဲ့ မသင့်တော်တော့တဲ့ လက်ရှိ ကျွန်ပညာရေးစနစ်ဟောင်းကို ဖျက်သိမ်းပြီးတော့ လွန်ခဲ့တဲ့ ၆၄ ခုနှစ် နိုဝင်ဘာလကစပြီး တက္ကသိုလ် ပညာရေးစနစ်ကိုလည်း အစားထိုးပြုပြင်လာတယ်ဆိုတာ ကိုအေးဆွေ အသိပဲမဟုတ်လား”

မှန်ပေသည်။ ယခုအခါ နိုင်ငံတော်ပညာရေးစနစ်သည် ကျွန်ခေတ်က ကျွန်စိတ်ဝင်ပြီး အင်္ဂလိပ်အထင်ကြီးအောင်၊ ကျွန်သက်ရှည်အောင် ဖန်တီးချက်ဖြင့် ပြဋ္ဌာန်းခဲ့သော ကျွန်ပညာရေးစနစ်ဟောင်းကြီးကို ဖျက်သိမ်းကာ ဆိုရှယ်လစ်ပညာရေးစနစ်သို့ ပြုပြင် ပြောင်းလဲ ဖန်တီးလျက်ရှိလေပြီ။

“ဒါပေမဲ့ ဌေးတို့က ဘီအေအီးဒီ နောက်ဆုံးနှစ် သမားတွေဆိုတော့ စနစ်သစ်နဲ့ မသင်ရဘူး။ စနစ်ဟောင်းအတိုင်းပဲ သင်ရတယ်။ စနစ်သစ်အတိုင်း ဆိုရင်တော့ ဝိဇ္ဇာတတိယနှစ် (ဘီအေပထမနှစ်) ကစပြီး လူနဲ့ ပတ်ဝန်းကျင်တို့ရဲ့ အညမည သဘော တရားတို့၊ မတ်အဘိဓမ္မာတို့ကို စသင်ရတယ်လေ။ ဒီတော့ ကျောင်းအနေနဲ့က ဆိုရှယ်လစ်ဝါဒ အကြောင်းကို ဆိုရှယ်လစ်အမြင်နဲ့သင်ဖို့ အခွင့် မကြုံခဲ့ဖူးမဟုတ်လား။ ဒါနဲ့ ဌေးလည်း ကိုယ့်ဟာကိုယ် အပြင်မှာ ဆိုရှယ်လစ်ဝါဒရေးရာအကြောင်း ရေးတဲ့ စာအုပ်စာတမ်းတွေကို လေ့လာရတာပေါ့”

ဆက်လက်ဖော်ပြပါမည်။