နေပြည်တော်    ဩဂုတ်   ၃၀

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်း ပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ် မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမနှင့် မွန်းလွဲပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမတို့၌ ကျင်းပသည်။

 

အခမ်းအနားများသို့  ပြည်‌ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်၊    ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဦးသန့်စင်၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာ   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။

 

ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၃၀၇  ဦး၊ စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၂၀၅  ဦး တက်ရောက်ကြပြီး မဲပေးစက်ဖြင့် လက်တွေ့ ဆန္ဒမဲပေးကြသည်။

 

Myanmar Electronic Voting Machine(MEVM) စက်ကို ပြည်တွင်းနည်းပညာရှင်များက မြန်မာနိုင်ငံ အခြေအနေနှင့်လျော်ညီစွာ တည်ဆောက်ထားခြင်း ဖြစ်ရာ အသုံးပြုသူမဲဆန္ဒရှင်များအနေဖြင့် လွယ်ကူ ရိုးရှင်းစွာ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန များ၌ ဆောင်ရွက်ပြီးစီးခဲ့သော ရှင်းလင်းဆွေးနွေးခြင်း နှင့် သရုပ်ပြပွဲများတွင်လည်း စမ်းသပ်မဲပေးခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အခက်အခဲမရှိ လွယ်ကူလျင်မြန်စွာ မဲပေးဆောင်ရွက်နိုင်ကြောင်း သိရသည်။   

သတင်းစဉ်