နေပြည်တော်    ဩဂုတ်   ၃၀

 

ပြန်ကြားရေးဝန်ကြီးဌာန၊  ပညာရေးဝန်ကြီးဌာနနှင့်  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့  ပူးပေါင်းစီစဉ် ကျင်းပသည့်  ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို  ယနေ့  နံနက် ၈ နာရီက   နေပြည်တော်  ဇမ္ဗူသီရိ မြို့နယ်ရှိ  အမှတ်(၁၁) အခြေခံပညာ အထက် တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊  ဒုတိယဝန်ကြီးများဖြစ်ကြသည့်  ဦးရဲတင့်၊ ဒေါက်တာ မိုးဇော်ထွန်း၊ ဦးဇင်မင်းထက်၊ ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီး၊   ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစား ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်ကြမည့်  ဗိုဗီနမ်အားကစားမောင်မယ်များ၊     အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)နှင့်    အခြေခံပညာ ကျောင်းများမှ အား ကစားမောင်မယ်များက ဝူရှူး၊ အေရိုးဗစ်နှင့် ကျွမ်းဘားအားကစားတို့ကို သရုပ်ပြကစားပြကြသည်။

 

ထို့‌နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အားကစားမောင်မယ်များအား ငွေကျပ် ငါးသိန်း   ပေးအပ် ချီးမြှင့်သည်။

 

ဆက်လက်၍ ဟာသပညာရှင်များဖြစ်ကြသည့် ဒိန်းဒေါင်၊ စိစိနှင့် ချစ်စုတို့က ရယ်ရွှင်ဖွယ်ရာ ဟာသပျက်လုံးများ၊ တေးသီချင်းများဖြင့်  ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက်အမှတ်(၁၁) အခြခံပညာ    အထက်တန်းကျောင်းမှ ကျောင်းသား  ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့်     အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

 

ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး     ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကား   ပြောကြားရာတွင်   ကျောင်းသား  ကျောင်းသူများ   မှန်ကန်သည့် အသိပညာများရရှိစေရေးအတွက်   ယနေ့စာပေ ဟောပြောပွဲကို ကျင်းပရခြင်းဖြစ် ကြောင်း၊ ဆရာမကြီး ဒေါ်မေကျော့ရှင်း၏  ဟောပြောဆွေးနွေးချက် များကို စိတ်ဝင်စားစွာ နားထောင် မှတ်သားစေလိုကြောင်း၊ ကျောင်းသား    ကျောင်းသူများအနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုနှင့် ရဲရင့်မှုရှိရန် လိုအပ်ကြောင်း။    

 

နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် ကျောင်းသား ကျောင်းသူများကို    အလေးထား တန်ဖိုးထားပါကြောင်း၊    ကျောင်းသား  ကျောင်းသူများ ဗလငါးတန်နှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်ပြီး   မှန်ကန်သည့်   အသိပညာများရရှိစေရန်   ကျောင်းများသို့သွားရောက်၍ ဆွေးနွေးဟောပြောရန် လမ်းညွှန်ထားပါ ကြောင်း၊ နောင်တစ်ချိန်တွင် ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြရမည်ဖြစ်ရာ ထိုသို့ထမ်းဆောင်ရာတွင် ရဲရင့်ယုံကြည်စွာဖြင့်  အများအကျိုးကို  သယ်ပိုးထမ်းဆောင်နိုင်သည့် သူများဖြစ်ရန်နှင့်  နိုင်ငံတော်က  အားထားရသည့် သားကောင်း၊သမီးကောင်းများ ဖြစ်ကြပါစေဟု ဆန္ဒ ပြုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဆရာမကြီး ဒေါ်မေကျော့ရှင်းက ဆွေးနွေးပြောကြားရာတွင်(အပေါ်ပုံ) မိမိ ဖတ်မှတ်ထားသမျှ၊    လေ့လာထားသမျှ၊   တရားတော်များ နာယူမှတ်သားထားသမျှထဲမှ မျှဝေဆွေးနွေးခြင်းသာဖြစ်ပြီး ဟောပြောသည်ဟု   သဘောမထားပါကြောင်း၊ လူငယ်များအနေဖြင့် အသိဉာဏ်ရှိရန်နှင့် ကိုယ်ကျင့်တရားနှင့်ပတ်သက်၍   မျှဝေ ဆွေးနွေး ပြောကြားသွားမည်ဖြစ်ပါကြောင်း၊ အသိပညာနှင့်အတတ်ပညာဟူ၍ ရှိရာတွင်စာများများ ဖတ်ရန်လိုပါကြောင်း၊  မည်သည့် စာကိုမဆို    ဖတ်ရန်လိုပြီး  စာကို မည်ကဲ့သို့ ဖတ်ရမလဲဆိုလျှင် စာကိုဖတ်ရှုရာတွင် တွေးတောစဉ်းစား ရန်လိုပါကြောင်း၊ ပညာထူးချွန်သူထံမှ   စာမေးရာတွင် မရှက်ရန်လိုကြောင်း၊ အသိပညာကို ကိုယ်တိုင်ရှာဖွေရမည်ဖြစ် ကြောင်း၊ ကိုယ်ကျင့်တရားဟုဆိုရာတွင် ငါးပါးသီလကို လုံခြုံအောင်ထိန်းသိမ်းရန်လိုကြောင်း၊ မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ရန်နှင့်  ဆေးလိပ်မှအစပြု၍  မစမ်းသပ်ရန်လိုကြောင်း၊ မိန်းကလေးများအနေဖြင့် ခေတ်မီအောင် နေထိုင်ကျင့်ကြံရန်    လိုအပ်သော် လည်း ခေတ်ဆန်ခြင်းကို  ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊    မြန်မာ့ယဉ်ကျေးမှုကို  ထိန်းသိမ်းစောင့် ရှောက်ရန်လိုကြောင်း၊ ချီးမွမ်းခြင်းနှင့် အကဲ့ရဲ့ခံခြင်း နှစ်မျိုးတွင် ချီးမွမ်းခြင်းကိုသာ အားလုံး လိုလားကြမည်ဖြစ်ကြောင်း၊ အလားတူ အကောင်းနှင့် အဆိုးတွင် အကောင်းကိုသာ ဖြစ်လိုကြ မည်ဖြစ်ကြောင်း    ကျောင်းသား  ကျောင်းသူများနှင့်   အပြန်အလှန်  ဆွေးနွေးပြောကြားပြီး  ဆရာမကြီး ဒေါ်မေကျော့ရှင်း၏  မြန်မာ့ အသံ ဓာတ်ပြားရ တေးသီချင်းဖြစ် သော “ကလေးတို့ရေ လာကြလာကြ”   သီချင်းကို  နောက်ခံတီးလုံး ဖွင့်၍ သီဆိုပြခဲ့သည်။

 

ထို့နောက်      ပြည်ထောင်စုဝန်ကြီး   ဦးမောင်မောင်အုန်းက  ဆရာမကြီးအား အမှတ်တရ လက်ဆောင်ပေးအပ်သည်။

 

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို     လည်းကောင်း၊   အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က  အားကစားပစ္စည်းများကို   လည်းကောင်း ပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်သက်သက်သင်းကလက်ခံရယူသည်။

 

ဆက်လက်၍ MRTV – 4 ရုပ်သံမှ အနုပညာရှင်များဖြစ်ကြသည့်    လူးကပ်စ်၊  နက်ရှိုင်းကို၊  သံစဉ်ဆည်းဆာနှင့်   မေသင်းကို တို့က မိတ်ဆက်စကားများ  ပြောကြားကြသည်။

 

ထို့နောက်      ပြည်ထောင်စု ဝန်ကြီး     ဦးမောင်မောင်အုန်းက   MRTV-4  ရုပ်သံမှ   အနုပညာရှင် များအား အမှတ်တရ လက်ဆောင် ပေးအပ်သည်။

 

ယင်းနောက် ခန်းမအပြင်ဘက်၌   မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများကို ကျောင်းသား၊   လူငယ်များ ဗဟုသုတရရှိစေရန် “လှပသာယာ ပြည်မြန်မာ”  ရောင်စုံဓာတ်ပုံပြပွဲ ခင်းကျင်းပြသခြင်း၊ ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုနိုင်ရန် လူထုအခြေပြုဗဟိုဌာန     (ပျဉ်းမနား)မှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ထားရှိပေးထားခြင်း၊  စကားပုံဆက်၊  ရုပ်ပုံဆက်၊ ခွက်နင်း လမ်းလျှောက်ပြိုင်ပွဲများ စီစဉ်ပေးထားခြင်း၊ MRTV–4 ရုပ်သံမှ အနုပညာရှင်များက ကျောင်းသား ကျောင်းသူများ နှင့်အတူ  ပျော်ရွှင်ဖွယ်  Game  များကစား၍  အနိုင်ရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ ဟာသပညာရှင် ဒိန်းဒေါင်၊ စိစိနှင့် ချစ်စုတို့က အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်း၊ ကလေးများနှင့်အတူ ဆော့ကစားခြင်းစသည့် အစီအစဉ်များ ကိုလည်း ထည့်သွင်းထားရှိရာ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲကြည့်ရှု လေ့လာကြသည်။

သတင်းစဉ်