နေပြည်တော် ဩဂုတ် ၃၁
စပါးခွံလောင်စာသုံး Gasifier နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒေါက်တာချာလီသန်း နှင့် ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဦးရင်မောင်ညွန့် နှင့် ဒေါက်တာ အောင်ဇေယျ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာ နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ် လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ စက်မှုဝန်ကြီးဌာနမှ တာဝန်ခံ၍ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး Gasifier ဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် “စပါးခွံ လောင်စာသုံး Gasifier နည်းပညာဆိုင်ရာကော်မတီ (Technical Committee)” နှင့် “စပါးခွံလောင်စာသုံး Gasifier နည်းပညာဆိုင်ရာ ဆပ်ကော်မတီ” တို့ကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ဓာတုအင်ဂျင်နီယာ အထူးပြု ဘာသာရပ်ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းချက်အရ မြန်မာ နိုင်ငံအင်ဂျင်နီယာကော်စီမှ Gasifier လုပ်ငန်းအဖွဲ့ (MEngC-Gasifier Working Group-MGWG) ကို ပညာရှင်(၁၅)ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ထုတ်လုပ်မှုတိုးမြှင့်ရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေး လုပ်ငန်းများကို အထောက်အကူပြုမည့် လုပ်ငန်းစဉ်များဖြစ်၍ အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဆွေးနွေးရရှိလာသည့် နည်းပညာများကို Gasifier ထုတ်လုပ်သုံးစွဲသူများအား ဆက်လက်ဖြန့်ဝေပြီး Biomass မှတစ်ဆင့် လျှပ်စစ်ထုတ်လုပ် သုံးစွဲသည့် လုပ်ငန်းများအပြင် စီးပွားဖြစ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများကို တစ်ပါတည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် သင်ယူတက်မြောက်ခဲ့သည့် ပညာရပ်များ၊ ဗဟုသုတများ၊ အတွေ့အကြုံများကိုအခြေခံ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း က Gasifier နှင့် ပတ်သက်၍ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ကျင်းပခဲ့ပြီး ဆောင်ရွက်ရန်လိုအပ်သည့် အချက်(၃)ချက် ချမှတ်ခဲ့ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ဝန်ကြီးဌာနအနေဖြင့် ဝယ်ယူပေးသွားမည် ဖြစ်ကြောင်း၊ ပြည်တွင်း၌ ပတ်ဝန်းကျင်ထိခိုက်မှု အန္တရာယ်ကင်းရှင်းသည့် စပါးခွံလောင်စာသုံး Gasifier များ အသုံးပြုမှု ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် နည်းပညာ ပိုင်းဆိုင်ရာနှင့် လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် Gasifier အသုံးပြုမှု နည်းပညာနှင့် စပ်လျဉ်း၍ SOP (မူကြမ်း) ရေးဆွဲထားပြီး ကုန်ကြမ်းအသုံးပြုမှု၊ ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့နည်းသက်သာစေရေး စီမံဆောင်ရွက်မှုနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အစီအစဉ်တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်များက တိုင်းဒေသကြီးအတွင်း စပါးခွံလောင်စာသုံး Gasifier များ သုံးစွဲနေမှု၊ ပတ်ဝန်းကျင်၊ လေထု၊ ရေထု၊ မြေထုပျက်စီးမှုမရှိစေရေး အဖွဲ့များဖွဲ့စည်း၍ စစ်ဆေးကြပ်မတ်နေမှု၊ သုံးစွဲသူများ တိုးတက်မြင့်မားရေးအတွက် ကူညီပံ့ပိုးပေးနေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက Gasifier နည်းပညာ ဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့က Gasifier နည်းပညာ ဆိုင်ရာများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Gasifier ဆိုင်ရာဆောင်ရွက်ချက်များ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စပါးခွံလောင်စာသုံး နည်းပညာဆိုင်ရာဆပ်ကော်မတီဖွဲ့စည်းမှုနှင့် ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ Gasifier Working Group မှ Gasifier ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်က သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာသူများက နိုင်ငံစီးပွားမြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သော လျှပ်စစ်ဓာတ်အားရရှိရန် ပတ်ဝန်းကျင် ထိခိုက်မှုမရှိသည့် Gasifier များ တပ်ဆင်အသုံးပြုလျှင် လိုက်နာရမည့် အချက်များ၊ နည်းပညာလို အပ်ချက်များကို ပံ့ပိုးပေးနိုင်မည့်ကိစ္စရပ်များ၊ ပြည်သူများကျန်းမာရေး ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
သတင်းစဉ်