နေပြည်တော်၊ စက်တင်ဘာ ၁
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယမန်နေ့ မွန်းလွဲပိုင်း က ရှမ်းပြည်နယ်(တောင်ပိုင်း)ရွာငံမြို့နယ် မြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ရွာငံကော်ဖီ လက်ဖက်အသင်းဥက္ကဌနှင့် တာဝန်ရှိသူများ၊ ဒေသခံကော်ဖီတောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကော်ဖီကို တန်းမြင့်ကော်ဖီ အရည်အသွေးအဖြစ် နိုင်ငံတကာ ဈေးကွက်တွင် နာမည်ကောင်းရနေသကဲ့သို့ ဩဂဲနစ်ထုတ်ကုန်အဖြစ် ဈေးကောင်းရလျက်ရှိရာ အလားအလာကောင်းသော ပြည်ပပို့ကုန်အဖြစ် တိုးချဲ့ဆောင်ရွက်ပြီး ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနှင့် လုပ်ငန်းကွင်းဆက်တစ်လျောက်တွင် ပါဝင်ပတ်သက်သူအားလုံး၏ အကျိုးစီးပွားဖြစ်ထွန်းစေရန် နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသအလိုက်ကောင်းမွန်ထင်ရှားသော ထွက်ကုန်များရှိသကဲ့သို့ ရွာငံကော်ဖီကို ဒေသအမည်ကောင်းရ ထုတ်ကုန်အဖြစ် တိုးချဲ့လုပ်ကိုင်နိုင်ရန် အားပေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ကော်ဖီလုပ်ငန်း ရှင်များ၊ ကော်ဖီအသင်းအဖွဲ့များ အနေဖြင့် မိမိတို့လုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်ရန် လိုအပ်ချက်များ ရှိပါက ရင်းနှီးပွင့်လင်းစွာ တင်ပြပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဌ ဦးအာကာလင်းက ကော်ဖီတိုးချဲ့စိုက်ပျိုးလုပ်ကိုင် နိုင်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေအသုံးချခွင့်နှင့် သွင်းအားစုများအား ဒေသတွင်းထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာ ရရှိရေးဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဒေသ၏ကော်ဖီတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်မှု အလားအလာ များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကော်ဖီပင်စိုက်ပျိုးပြုစုသည်မှ ဆွတ်ခူး ထုတ်လုပ်မှုအဆင့်တိုင်းတွင် ကော်ဖီအထွက်နှုန်းနှင့် အရည်အသွေးအပေါ် သက်ရောက်မှုဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ရေချိုအရင်းအမြစ်ရှာဖွေဖော်ထုတ် အသုံးပြုနိုင်မှုနှင့် စိုက်ပျိုးရေ စီမံခန့်ခွဲမှုဆိုင်ရာများကို လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးက တည်ဆဲ ဥပဒေများနှင့်အညီ မြေယာအသုံးချနိုင်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြပြီး ရွာငံကော်ဖီ လက်ဖက်အသင်းဥက္ကဌနှင့် ဒေသခံ ကော်ဖီတောင်သူများ၏ သိရှိလိုသည်များ အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကာ ကော်ဖီတိုးချဲ့ စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ ညှိနှိုင်း ဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံ ဌာနခွဲ ကော်ဖီနည်း ပညာဖွံ့ဖြိုးရေးခြံ(ရွာငံ)တွင် ဆောင်ရွက်လျက်ရှိသော ကော်ဖီမျိုးထိန်း၊ မျိုးပွားလုပ်ငန်းများ၊ ကော်ဖီအရည် အသွေးစမ်းသပ် စစ်ဆေးခြင်းနှင့် ကော်ဖီနည်းပညာ ပြန့်ပွားရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ကော်ဖီ ပျိုးပင်များ ပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ ပုဂ္ဂလိက ကော်ဖီခြံများ၏ ကော်ဖီစိုက်ပျိုးဖြစ်ထွန်းနေမှုများ၊ ကော်ဖီထုတ်လုပ်မှုလုပ်ငန်းများနှင့် ကော်ဖီအခြေခံစားသောက်ကုန်ချော ထုတ်လုပ်ရောင်းချနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် အောင်ပန်းမြို့ရှိ ဒေသသုတေသနဗဟိုဌာန သို့ရောက်ရှိပြီး မျိုးအာလူးများ ဖြန့်ဝေမှုစနစ် တည်ထောင်ခြင်း စီမံကိန်းလုပ်ငန်းများ၊ ရောဂါပိုးမွှားကင်းစင်သော မျိုးအာလူးထုတ်လုပ်မှု လုပ်ငန်းများ၊ ကုန်းမြင့်စပါး၊ ဂျုံ၊ ပဲပုပ်၊ ဆီမုန်ညှင်း ၊ ဆီမုန်လာ ၊ ပန်းနှမ်း ၊ ပြောင်း စသည့် ဒေသ ရေမြေ ရာသီဥတုနှင့် ကိုက်ညီသော သီးနှံများဆိုင်ရာ သုတေသနလုပ်ငန်းဆောင်ရွက်ထားရှိမှု နှင့် ရုရှားနိုင်ငံ အာလူးမျိုးများကို တစ်သျှူးနည်းပညာဖြင့် မျိုးပွားလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)