နေပြည်တော် စက်တင်ဘာ ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ၊ သမဝါယမ လုပ်ငန်းများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့သို့ရောက်ရှိ၍ အောင်လံမြို့နယ် သမဝါယမအသင်းစုပိုင်ဆီစက်ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဆီစက်မှထုတ်လုပ်သည့် စားဆီများ ၏ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများဖြစ်စေရေးကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြား၍ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ မူယာတောကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူဦးရေ (၂၅၃) ဦး အကျိုးပြုနိုင်မည့် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေပြည်သူများ၊ သမဝါယမ အသင်းသားများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုတီးကုန်းမြို့နယ်၊ အောင်နိုင်သစ္စာဆန်စက်သို့ ရောက်ရှိပြီး ပြည်ခရိုင်နှင့် နတ္တလင်းခရိုင်ရှိ သဲကုန်းမြို့နယ် သမဝါယမအသင်း (၂၅) သင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းများအတွက် တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှင့် ညီမျှသော တောင်သူများလိုအပ်သည့် မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး သွင်းအားစုများကို ထောက်ပံ့ပေးလျက်ရှိပြီး စိုက်ပျိုးရေရရှိရေးအတွက်လည်း ဆည်ရေ သောက်စနစ်အပြင် ချောင်းပိတ်မြောင်းပိတ် ဆိုလာရေတင်စနစ်တို့ဖြင့် ဆောင်ရွက်ပေးနေပါကြောင်း၊ အထွက်တိုး စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးကြပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းချေးငွေများ၊ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ချေးငွေများကို အချိန်မီ ပြန်လည် ပေးဆပ်နိုင်ရေး အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသော ပြည်ခရိုင်နှင့် နတ္တလင်းခရိုင်တို့မှ သမဝါယမအသင်းသားတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ၄ ရွာမှ လူဦးရေ ၁၂၀၀ ကျော် ဖြတ်သန်းသွားလာရန်နှင့် စိုက်ပျိုးရေး ထုတ်ကုန်များဖြစ်သည့် စပါး၊ မတ်ပဲ ထွက်ကုန်များ သယ်ယူ ပို့ဆောင်ရာတွင် အသုံးပြုလျက်ရှိသည့် ကျောင်းကုန်း-ကင်ပွန်းခြုံ ကျေးရွာချင်းဆက်လမ်း အရှည် ၁ မိုင် ၂ ဖာလုံ ကျောက်ချောခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ကန် (၁၀၀) ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေး ကုန်ထုတ်သမဝါယမအသင်း၏ ရေတင်ဧရိယာ (၃၄၈) ဧက၌ ငါးမွေးမြူရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် (၅) မြို့နယ်မှ သမဝါယမအသင်း (၂၀) သင်းမှ အသင်းသားတောင်သူ (၁၀၀) နှင့်တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ချေးငွေများကို မိုးစပါးစိုက် သမဝါယမအသင်းသားတောင်သူများ အနေဖြင့် အထွက်တိုးအောင်ဆောင်ရွက်ပြီး သတ်မှတ်ကာလအတွင်း အပြေအကြေပေးဆပ်ရန်၊ မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ် ချေးငွေများအား သီးနှံပေါ်ချိန် ပြန်လည်ပေးဆပ်ကြရန် တိုက်တွန်းမှာကြားပြီး အသင်းသား တောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)