နေပြည်တော် စက်တင်ဘာ ၁
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၂၈) ဆွေးနွေးပွဲကို“တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ဆောင်ရွက်ချက်များအား အသိပညာမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးမျှဝေမည့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ များ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်ချက်များ”သည် ဝန်ထမ်းများသိရှိ နားလည်ထားသင့်သည့် အကြောင်းအရာဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့နည်းစေရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်နိုင်မှုနှင့် စဉ်ဆက်မပြတ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုသည် အဓိကအရေးကြီးသော အချက်များပင်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်မှ မူဝါဒများချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် လုပ်အား၊ အရင်းအနှီးနှင့် အခြားသွင်းအားစုများသာမက နည်းပညာနှင့် စွမ်းဆောင်နိုင်မှု ပြောင်းလဲခြင်း(Total Factor Productivity- TFP) ကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဆိုသည့် အချက်မှစ၍ တရုတ်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆောင်ရွက်ချက် အတွေ့အကြုံများသည် အနာဂတ် ကိုဖော်ဆောင်မည့် ဝန်ထမ်းအားလုံးသိထားသင့်သည့် အရေးကြီးသော အကြောင်းအရာများဖြစ်သည့် အတွက် စိတ်ပါဝင်စားစွာ စနစ်တကျ ပါဝင်ဆွေးနွေးမေးမြန်းကြရန် တိုက်တွန်းပြောကြားသည်။
ဆွေးနွေးပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာလီနွယ် က “ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ဆောင်ရွက်ချက်များအား အသိပညာမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး /ပြည်နယ် ဦးစီးမှူးရုံးများက Online ဖြင့် တက်ရောက်ကြသည်။
(သတင်းစဉ်)