နေပြည်တော်၊ စက်တင်ဘာ၁

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည်  ယနေ့ မွန်းလွဲပိုင်းက လယ်ဝေးမြို့ နယ်၊ ရေအိုးစဉ်ကျေးရွာ ချောင်းမငယ်ဆည် ရေသောက်စနစ် လက်တံမြောင်း(၁၂) ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေးနှင့် ဆည်မြောင်းဆိုင်ရာ သုတေသနလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကွက်ဆင့်သောက်လယ်ယာမြေ ဧက (၄၀၀)ကို ကြည့်ရှုစစ်ဆေးသည်။    

 

ယင်းနောက် တောင်သူများနှင့်တွေ့ဆုံ၍ ပြောင်းလဲလာသော ရာသီဥတုအခြေအနေများကြောင့် မိုးရွာသွန်းမှုလျော့နည်းကာ ရေလှောင်တမံများတွင် ရေဝင်ရောက်မှုများ လျော့နည်းလျက်ရှိသဖြင့် စိုက်ပျိုးရေကို ချွေတာသုံးစွဲကြရန်လိုကြောင်း၊ တောင်သူများ စိုက်ပျိုးသည့်သီးနှံတူညီအောင် အချင်းချင်း ဆောင်ရွက်၍ သက်တမ်းတို စပါးမျိုးများ စိုက်ပျိုးရန်လိုကြောင်း ပြောကြားသည်။

 

အဆိုပါ ကွက်ဆင့်သောက် လယ်ယာမြေဧက (၄၀၀)တွင် လယ်ကြားမြောင်း အသစ်များ တူးဖော်ခဲ့ခြင်း၊ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပြီး ရေနုတ်မြောင်းအတွင်းမှ ရေကိုပြန်လည် အသုံးပြုနိုင်ခြင်း၊ ရေအသုံးချသူအဖွဲ့များဖြင့် ရေကိုစနစ်တကျရယူနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် မူလရေယူရ ခက်ခဲသည့်နေရာများတွင် ရေကိုအဆင်ပြေစွာ ရယူလာနိုင်ခဲ့ခြင်းကြောင်း ရေစီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုအောင်မြင် လာခဲ့ကြောင်း၊ အဆိုပါချောင်းမငယ် ဆည်ရေသောက်စနစ်ရှိ လက်တံမြောင်း(၆)မှ လက်တံမြောင်း (၁၃) ထိအား မိုးစပါးရေပေးရာသီတွင် ချောင်းမငယ်တမံမှ ရေပေးဝေခြင်းမဟုတ်ပဲ ရအောင်းချောင်းမှတဆင့် ဆင်အုံကန်အတွင်း စီးဝင်သည့်ရေများကို အလဟဿမဖြစ်စေရန် ဆင်အုံကန် အတွင်း သိုလှောင်ထိန်းညှိစေပြီး ရေပေးဝေခြင်းဖြစ်သည်။

 

ထိုနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မဒန်းဆည်ရေသောက်စနစ် သဲကောကြီး စနစ်ကျ လယ်ယာမြေ ဧက (၅၅၀)  ကို ရေကူပေးနိုင်မည့် ရုံးပင်ချောင်း ယာယီရေထိန်းဆည် တည်ဆောက်ရန် လျာထားသည့် နေရာအား ကြည့်ရှုစစ်ဆေးပြီး မဒန်းဆည်ရေသောက်စနစ်ရှိ ရေပေးဝေမှုများနှင့် စနစ်ကျလယ်ယာမြေ ဧက(၅၀၀) မိုးစပါးစိုက်ပျိုးရေ ပေးဝေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)