နေပြည်တော် စက်တင်ဘာ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယမန်နေ့ နံနက်ပိုင်းတွင် ကလောမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ၊ ဟဲဟိုးဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ခြံတာဝန်ခံတို့က မိုးရာသီ သီးနှံမျိုးစေ့ထုတ်လုပ်ငန်းနှင့် သုတေသနဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အာလူး မျိုးပွားခြင်းလုပ်ငန်း ၊ ရေဆင်း(၁)စပ်မျိုးနေကြာ ၊ ဘာစမာတီနှင့် ရွှေရင်အေး မျိုးစပါး  မျိုး‌စေ့ထုတ် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးမှာကြားပြီး မျိုးအာလူးနမူနာများ နှင့် ဟဲဟိုးဥယျာဉ်ခြံ အတွင်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ အင်းခေါင်းဆည်(ဟဲဟိုးကန်)၏ ဝင်ရေသိုလှောင်ထားရှိမှုနှင့် ဒေသအတွက် စိုက်ပျိုးရေ အကျိုးပြုနေမှု ကိုကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း တို့သည် ဟဲဟိုး စိုက်ပျိုးရေး ၊ မွေးမြူရေး သိပ္ပံကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမ ကျောင်းသား ကျောင်းသူများကို တွေ့ဆုံ၍ သင်ကြားမှုသင်ယူမှု လုပ်ငန်းဆိုင်ရာများကို မေးမြန်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမ ကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ပြုငွေပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်း၏ စာသင် ဆောင်များတွင် သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေမှု ၊ စားရိပ်သာများ၊ အိပ်ဆောင်များ၊ မွေးမြူရေးလက်တွေ့ သင်တန်းဆောင်များနှင့် လက်တွေ့ကွင်းဆင်းလုပ်ငန်းဝင် လေ့ကျင့် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟဲဟိုးမျိုးသန့်ခြံ၏ ယာစပါးမျိုး(၆)မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုနှင့်  ရေဆင်းစပ်မျိုးနေကြာ(၁) မျိုးစေ့ထုတ်စိုက်ခင်း နှင့် ရွှေညောင်မြို့ရှိ တာယောစိုက်ပျိုးရေးသုတေသနခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးတို့သည် တောင်ကြီးမြို့နယ် အသေးစားမွေးမြူရေးမြေ ဖော်ထုတ်ရေး စီမံကိန်း လုပ်ငန်းကို ကွင်းဆင်းစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မြေယာအသုံးမှုနှင့်ပတ်သက်၍ တည်ဆဲမြေယာဥပဒေ နည်းဥပဒေများနှင့်အညီဖြစ်စေရန် ၊ ရင်းနှီးမြုပ်နှံနိုင်မှုသေချာပြီး လုပ်ငန်း အမှန်တကယ် ဆောင်ရွက်လိုသူများကို ဦးစားပေးဆောင်ရွက်ရန် ၊ တစ်ဦးချင်း ရင်းနှီး မတည်ရန် ခက်ခဲနိုင်သော်လည်း ဆန္ဒသဘောထားညီညွတ်သူ အချင်းချင်းပူးပေါင်း၍ လုပ်ငန်း ထူထောင်ဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်