နေပြည်တော် စက်တင်ဘာ ၂

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည်  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ဩဂုတ် (၂၃)ရက် က အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်၌ (၅၈)ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် လက်ခံသူလူနာ ဦးတင်မင်းထိုက် နှင့် ကျောက်ကပ်လှူဒါန်းသူ ဒေါ်ခိုင်နန္ဒာအောင် တို့ကို သွားရောက်ကြည့်ရှုကာ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်သည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်၏ အစည်းအဝေးခန်း၌ ဆေးရုံအုပ်ကြီးနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုနှင့် အသည်း အစားထိုးခွဲ စိတ်ကုသမှုဆိုင်ရာ ပါမောက္ခ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံပြီး ပြည်သူများအနေဖြင့် ယခုထက်ပိုမို အဆင်ပြေစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ခွဲစိတ်ကုသမှု ခံယူနိုင်ရေးအတွက် ဆောင်ရွက်သွားရမည် ဖြစ်သကဲ့သို့ ကျောက်ကပ်လက်ခံသူ လူနာနှင့်ကျောက် ကပ်လက်ခံမည့် လူနာရှင်များအကြား ပိုမိုအဆင် ပြေချောမွေ့စွာ လှူဒါန်းလက်ခံနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လူနာများ၏ အကျိုးအတွက် ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုများ ပုံမှန်ဆောင်ရွက်နိုင်ရေးနှင့် အသည်းအစားထိုးကုသမှုများ ပြန်လည်ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရေး ဝိုင်းဝန်းဆောင်ရွက် ကြရန်၊ အဆိုပါကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုး ခွဲစိတ် ကုသမှုများကို မျိုးဆက်သစ်ဆရာဝန်များထံ လက်ဆင့်ကမ်း သင်ကြားပေးနိုင်ရေးအတွက်လည်း ထည့်သွင်းစီစဉ်ဆောင်ရွက်ရန်၊ မှာကြားပြီး  ဆရာဝန်ကြီးများ၏ တင်ပြချက်များ အပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

အဆိုပါကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုမှ ကျောက်ကပ်လှူဒါန်းသူသည် ကျန်းမာရေး ကောင်းမွန်ပြီဖြစ်သဖြင့် ဩဂုတ် (၃၀)ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီးဖြစ်ပြီး  လက်ခံသူ လူနာ၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိကာ သက်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြည့်ရှုကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန  အစည်းအဝေးခန်းမ၌  မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီအနေဖြင့် သွားနှင့်ခံတွင်းဆရာဝန်များကို ကျင့်ဝတ်နှင့်အညီလိုက်နာနိုင်ရေး ထိန်းကျောင်းကြပ်မတ်သွားရန် လိုအပ်ကြောင်း  ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ခင်မောင်အေး၊ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာနေဝင်း၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာပိုင်စိုးတို့က ယခင်အတွေ့အကြုံများအပေါ် အခြေခံ၍ ပိုမိုကောင်းမွန်သောညီလာခံတစ်ရပ်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ဆွေးနွေးကြသည်။ 

ဆက်လက်၍ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ‌‌ဒေါက်တာစုစုဒွေးနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော် တို့က ကော်မတီအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) တို့မှ ပါမောက္ခချုပ်များ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးပညာညီလာခံကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၃)ရက်မှ (၄)ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပ၍ ပြည်တွင်းပြည်ပပညာရှင်များက စာတမ်းများ ဖတ်ကြားတင်သွင်းကြမည်ဖြစ်ပြီး သွားနှင့်ခံတွင်းဆရာဝန်များ၊ ပြင်ပပုဂ္ဂလိက သွားနှင့်ခံ တွင်းဆရာဝန်များ၊ သွားကျန်းမာရေးသူနာပြုများ၊ သွားတုကျွမ်းကျင်သူများနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ ပညာရှင်များ တက်ရောက်ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်