ညောင်ဦး စက်တင်ဘာ ၃

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ယနေ့ နံနက်  ၄ နာရီမှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံဘုရားကြီးနှင့် အာနန္ဒာဘုရားကြီး ရင်ပြင်တော်ပေါ်သို့ မိုးရေများဝပ်နေခြင်းအား ရေစုပ်စက်များတပ်ဆင်ကာ မိုးရေများ စုပ်ထုတ်ခဲ့ရကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

 

မိုးသည်းထန်စွာ ရွာသွန်းရာ နံနက် ၇ နာရီထိ ရွာသွန်းခဲ့သည့် မိုးသည် မိုးရေချိန် ၂ ဒသမ ၈၇ လက်မခန့် ရွာသွန်းခဲ့ကြောင်း၊ ပုဂံ-ညောင်ဦးတွင် မေလအတွင်းက ရွာသွန်းခဲ့သည့် မိုခါမုန်တိုင်းတွင် ရေကြီးရေလျှံမှု ကြီးမားစွာဖြစ်ပေါ်ခဲ့သော စူဠာမဏိဘုရားတွင် ရေဝင်ခဲ့ခြင်းမရှိဘဲ ပြုပြင်ထားသော Level ညှိထားသည့်နေရာများရှိ ရေထွက်ပေါက်များမှတစ်ဆင့် ရေများစီးဆင်းထွက်နေခဲ့ကြောင်း၊ အာနန္ဒာဘုရား ပရဝုဏ်အတွင်း ဘုရားရင်ပြင်တွင်ရေ အနည်းငယ်ဝပ်၍ အနိမ့်ဆုံးနေရာတွင်  ၇ လက်မခန့်နှင့် အမြင့်ဆုံးနေရာတွင် ၂ လက်မခန့်ရှိပြီး အဆိုပါရေများအား ရေစုပ်စက်များအသုံးပြုကာ ရေစုပ်စက်သုံးလုံးဖြင့် ရေစုပ်ထုတ်ခဲ့ကြောင်း၊ ရွှေစည်းခုံဘုရားရင်ပြင် မိုးရေဝပ်နေသည့် နေရာတွင်လည်း မြေအနိမ့်ဆုံးနေရာ ၁၀ လက်မခန့်နှင့် အမြင့်ဆုံးနေရာ ၃ လက်မခန့်ရှိပြီး ရေစုပ်စက်လေးလုံးဖြင့် မိုးရေများ စုပ်ထုတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါရေဝပ်နေသော ဘုရားများအား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘုရားဂေါပက ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ စုပေါင်း၍ ရေစုပ်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၃ နာရီတွင် မိုးရေစုပ်ထုတ်ခြင်း ပြီးစီးခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့ အနော်ရထာလမ်းဘေး ဝဲယာရေနုတ်မြောင်းများ တူးဖော်ထားခြင်း၊ ဝက်ကြီးအင်းချောင်းအား ပြန်လည်တူးဖော်ထားခြင်းတို့ကြောင့် ရေစီးရေလာကောင်းမွန်၍ ညောင်ဦးမြို့အတွင်းရှိ ကားလမ်းမများပေါ်တွင် ရေဝပ်ခြင်းမရှိပဲ ရေစီးလမ်းကြောင်းများအတိုင်း စီးဆင်းလျက်ရှိကြောင်း သိရသည်။

 

ဒီပါလင်း