နေပြည်တော် စက်တင်ဘာ ၃
တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) ကို ယမန်နေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်နယ်မြေရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာအန စုဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက်တာတင်ထွဋ် နှင့် ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီး ဌာနအောက်ရှိ နည်းပညာကျွမ်းကျင်ပညာရှင်များနှင့် တပ်ကုန်းမြို့နယ်မှ တောင်သူများ တက်ရောက်ကြသည်။
ဉီးစွာဒုတိယဝန်ကြီးက လယ်ယာကဏ္ဍထုတ်ကုန် မြင့်မားစေရေးအတွက် သီးထပ် စွမ်းအားများကို မြှင့်ဆောင် ကြရမည်ဖြစ်ကြောင်း၊ မြေဆီလွှာများကို ဓါတ်ခွဲစမ်း သပ်မှု သုတေသနမှတ်တမ်းများအရ ဒေသအသီးသီးမှ မြေဆီလွှာအမျိုး မျိုးတွင် အော်ဂဲနစ်မက် တာခေါ် ဇီဝအကြွင်းအကျန်များ နည်းပါးလျက်ရှိရာ အပင်လိုအပ် သည့် အာဟာရဓါတ်များ ထိန်းသိမ်းနိုင်စွမ်း မရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မြေဆီလွှာကျန်းမာရေးကောင်းမှ သီးထပ်စွမ်းအား တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း။
ယခုကဲ့သို့ နှီးနှောဖလှယ်ပွဲများမှ တဆင့်အသိပညာနှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်များ တိုးပွားလာစေမည်ဖြစ်ပြီး သုတေသီများ၊ ပညာရှင်များနှင့် တောင်သူများ အကြား နည်းပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ပုံမှန် ကျင်းပပြီး သိသာထင်ရှားသော ပြောင်းလဲ တိုးတက်မှုများ ဖော်ဆောင်ပေးနိုင်ရေးအတွက် လုပ်နည်းလုပ်ဟန် အသွင်ကူးပြောင်းမှု မြန်မြန်ဆန်ဆန်ဖြင့် ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) ကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန္တာညီ နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးရေးဆိုင်ရာ သဘာဝအ ရင်းအမြစ်များ သုတေသနဌာနခွဲ မြေဆီလွှာသိပ္ပံသုတေသနဌာနမှ သုတေသနမှူး ဒေါက်တာနီနီတင် တို့က မြေဆီလွှာကျန်းမာရေးနှင့် သီးနှံစိုက်စွမ်းအား တိုးမြှင့်ရေးကို တောင်သူများနှင့် အပြန်အလှန်နှီးနှောတိုင်ပင် ဆွေးနွေးကြသည်။
တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲများ ဖြေရှင်းပေး ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုးပညာပေး တာဝန်ရှိသူများနှင့် တောင်သူများအကြား နီးကပ်စွာ ဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးနိုင်ရေးအတွက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) ကို အပတ်စဉ် စနေနေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်