နေပြည်တော် စက်တင်ဘာ ၃

ပြည်ပနိုင်ငံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် နည်းပညာနှင့် ဥပဒေဆိုင်ရာ အကူအညီ၊ အထောက်အပံ့များရရှိရန် ဆောင်ရွက်လျက် ရှိကြောင်း ယမန်နေ့ နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲတွင်  ပြည်ထောင်စုဝန်ကြီးနှင့်       ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားခဲ့သည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က  ဥပဒေရေးရာဝန်ကြီး ဌာနကို အဘက်ဘက်က တိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေ ချုပ်ရုံးတို့အကြား ဥပဒေရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊ ရုရှား နိုင်ငံ၊ တရားရေးဝန်ကြီးဌာနနှင့်လည်း နားလည်မှုစာချွန် လွှာ(MoU)ကို လက်မှတ်ရေး ထိုးခဲ့ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေး သုတေ သန စီမံကိန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ(MoU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း။ 

ထို့အတူ အာဆီယံနှင့် သက်ဆိုင်သောကိစ္စများ၊ အပြည်ပြည်ဆိုင်ရာဥပဒေကိစ္စများ၊ ကွန်ဗင်းရှင်းများ စသည်တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများကို အကြံဉာဏ်ပေး လျက်ရှိပြီး ICJ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံဥပဒေပညာရှင်များ အသင်းဝင် ဖြစ်ပြီး (ASEAN LAW Association-ALA) အာဆီယံဥပဒေပညာရှင်များ အသင်း(မြန်မာ) တွင်  ဥက္ကဋ္ဌအဖြစ် မိမိက ဆောင်ရွက်လျက် တရားရေးအရာရှိများ၊ ဥပဒေအရာရှိများ၊ ရှေ့နေများနှင့် တက္ကသိုလ်ဥပဒေ ပညာဌာနများမှ ပါမောက္ခများဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၂ ကြိမ်မြောက် အာဆီယံဥပဒေဝန်ကြီးများ အစည်းအဝေးနှင့် (၂၂)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးများကို လက်ခံကျင်းပပေးရန်ရှိကြောင်း။

ဥပဒေပြုရေးအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ နှင့်အညီ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက တာဝန်ယူ ကျင့်သုံးလျက်ရှိရာ ၂၀၂၁ ခုနှစ် အတွင်း ဥပဒေ ၆၃ ခု၊ ၂၀၂၂ ခုနှစ်အတွင်း ဥပဒေအခု ၄၀ ၊ ၂၀၂၃ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ ဥပဒေ ၅၃ ခု ပြဋ္ဌာန်းခဲ့ရာ ယနေ့ထိ ဥပဒေစုစုပေါင်း ၁၅၆ ခု ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် ပြဌာန်းလိုသော ဥပဒေများကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ တင်ပြကြရမှာ ဖြစ်သည့်အတွက် တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေမူကြမ်းများကို စိစစ်ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၁၇) ရက်  ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်(၆)ချက် နှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများက ဆောင်ရွက်ရန်လိုကြောင်း။

ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများသည် အမှုလိုက်ပါဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိ ရန် လိုအပ်သလိုအမှုခိုင်မာအောင် စစ်ဆေးတတ်ရန်လည်း အရေးကြီးကြောင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ အသစ်ပြဌာန်းသည့် ဥပဒေ၊ ပြင်ဆင်သည့်ဥပဒေ၊ ဖျက်သိမ်းသည့် ဥပဒေများကိုလည်း မျက်ခြေမပြတ် လေ့လာရန်လိုအပ်ကြောင်း၊ တရားစွဲမတင်မီ ဥပဒေအကြံပေးရာတွင် ဥပဒေအကြံပြုခြင်းအတွက် ဤရုံး၏ ညွှန်ကြားစာများကို သက်ဆိုင်ရာ ဥပဒေရုံးအဆင့် ဆင့်က လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံ ကိန်း (၂၀၂၀-၂၀၂၄)အရ ရှေ့ပြေးဥပဒေရုံးများတွင် တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ 

ဥပဒေအသိပညာပြန့်ပွားရေး ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များအား “နိုင်ငံ့ဝန်ထမ်း အကြီးအမှူး များအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်း (Legal Advocacy Training)”ကိုဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊  ယခုအခါ အမှတ် စဉ်(၃)အထိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ဝန်ကြီးဌာန အသီးသီးမှ နိုင်ငံ့ဝန်ထမ်းအကြီးအမှူး ၉၈ ဦးကို ဥပဒေအသိပညာပြန့်ပွားရေး အသိအမှတ်ပြု လက်မှတ်(Certificate of Legal Advocacy)ကို ချီးမြှင့်ပေးနိုင်ခဲ့ကြောင်း၊ အဆိုပါသင်တန်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန် ချက်အရ နိုင်ငံဝန်ထမ်းအကြီးအမှူးအားလုံး ဥပဒေအသိပညာ အခြေခံသိရှိနားလည် တတ်မြောက် ပြီးဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဥပဒေရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင် ရွက်ခြင်းဖြစ်ကြောင်း။ 

ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဥပဒေပညာ သင်တန်းကျောင်း(Legal Advocacy Center) ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်လျှက်ရှိရာ အဆောက်အဦး ပြီးစီးပါက ဥပဒေပညာသင် တန်းကျောင်း အသင့်ဖွင့်လှစ်နိုင်ရေးအတွက် ဥပဒေပညာသင်တန်းကျောင်း တည်မြဲအမိန့်(Standing Order for Legal Advocacy Center)နှင့် ဥပဒေပညာသင်တန်းကျောင်း လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ စံသတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများ(Standard Operating Procedure for Legal Advocacy Center)တို့ကို မူကြမ်းရေးဆွဲပြီးဖြစ်ကြောင်း။

သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုတေသန လုပ်ငန်းအဖွဲ့ကို ပြည်တွင်း၊ ပြည်ပမှ မဟာဥပဒေဘွဲ့၊ ဥပဒေပါရဂူဘွဲ့ ရရှိထားသူများ၊ သုတေသန လုပ်ငန်းကို စိတ်ဝင်စားသူများနှင့် ဖွဲ့စည်းထားရှိ ဆောင်ရွက်လျက်ရှိပြီး၊ သုတေသနအဖွဲ့များ၏ ဥပဒေသုတေသန စာတမ်းဖတ်ပွဲများကိုလည်း လစဉ်ကျင်းပ ပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များက မိမိတို့သက်ဆိုင်ရာ လုပ်ငန်းများအလိုက် တင်ပြဆွေးနွေးကြသည်။ 

သတင်းစဉ်