နေပြည်တော် စက်တင်ဘာ

 

(၃၁)ကြိမ်မြောက် အာရှနှင့် ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ချုပ် အထွေထွေညီလာခံနှင့် (၇)ကြိမ်မြောက် ဂုဏ်ထူးဆောင် ဟောပြောပွဲကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်တို့က ကြီးမှူး၍ နေပြည်တော်တွင် အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ခရေပင်လမ်းရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး  အစည်းအဝေးခန်းမ၌ကျင်းပသည်။

 

အစည်းအဝေးသို့           ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယကများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လုပ်ငန်းကော်မတီအလိုက် ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်တွင်ကျင်းပမည့် (၃၁)ကြိမ်မြောက် အာရှနှင့် ပစိဖိတ်ဒေသ တွင်းဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ချုပ် အထွေထွေညီလာခံနှင့် (၇)ကြိမ်မြောက် အထူးဂုဏ်ထူးဆောင် ဟောပြောပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နာယကကြီးများ၊ ဥက္ကဋ္ဌများနှင့် အခမ်းအနားကျင်းပရေးအတွက် ဖွဲ့စည်းထားသည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်က အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ညီလာခံအတွက် လုပ်ငန်းခေါင်းစဉ်များ သတ်မှတ်ဆောင်ရွက်ထားရှိမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး လုပ်ငန်းကော်မတီများအလိုက် တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှု တို့ကို ရှင်းလင်းတင်ပြကြသည်။  

 

ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကော်မတီများ၏ လိုအပ်ချက်များအရ အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် နာယကကြီးများ၏ ဖြည့်စွက်ဆွေးနွေးမှုများနှင့် တာဝန်ရှိသူများ၏ အကြံပြုဆွေးနွေးတင်ပြမှုတို့ကို ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆွေးနွေး ခြင်းများ ဆောင်ရွက်၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့နယ် နဝဒေးလမ်းရှိ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID Bank)ရုံးချုပ်၌ ဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကိုတွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက CHID Bank အား နိုင်ငံတော်၏ ဆောက်လုပ်ရေးနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်ကိုယ်စား ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရှယ်ယာ ၄၀ ရာခိုင်နှုန်းမတည်ထည့်ဝင်၍ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊  ပြည်သူများ စိတ်ချယုံကြည်အားကိုးရသော ဘဏ်ကြီးအဖြစ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရေး ရည်မှန်းချက် ထားရှိ၍ ဘဏ်လုပ်ငန်းစဉ်များ၊ စည်းမျဉ်း/စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ၍ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်(၇) ထပ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အဆင့်မြင့်(၇) ထပ်ဆောင်လုပ်ငန်းများ လျာထားဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အသေးစိတ်ရှင်းလင်းတင်ပြ၍ အဆောက်အဦ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလို အပ်ချက်များမှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)