နေပြည်တော် စက်တင်ဘာ ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အိန္ဒိယ သံအမတ်ကြီး H.E. Mr. Vinary Kumar ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Naypyitaw State Academy ၌ ဘာသာရပ် ၆ ခုတွင် ပါရဂူတန်းများ ဖွင့်လှစ်မည် ဖြစ်သောကြောင့် အိန္ဒိယတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ တက္ကသိုလ် ၅ ခုနှင့် အိန္ဒိယနိုင်ငံရှိ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ အိုင်စီတီ၊ အသိဉာဏ်တု၊ အဏ္ဏဝါသိပ္ပံ၊ အဏုဇီဝ၊ အင်္ဂလိပ်စာ သင်ကြားရေး၊ စီးပွားရေးစီမံခန့်ခွဲမှု၊ သက်မွေးပညာ၊ ဆရာအတတ်ပညာ ဘာသာရပ်များအတွက် ပညာတော်သင် ပိုမိုစေလွှတ်နိုင်ရေး၊ Open University ကို အွန်လိုင်းဖြင့်ပို့ချပေးနိုင်မည့် အခြေအနေ၊ အိန္ဒိယပညာရေးဌာနများမှ အဆင့်မြင့်အရာရှိများနှင့် မြန်မာဘက်မှ ညွှန်ကြားရေးမှူးချုပ်များ ဗီဒီယိုကွန်ဖရင့်ဖြင့် ချိတ်ဆက် ဆွေးနွေးရေး၊ ပညာတော် သင်များ ပိုမိုခေါ်ယူပေးနိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး အိန္ဒိယသံအမတ်ကြီးနှင့်အတူ ပထမ အတွင်းဝန် Mr. Abhijit Shukla တက်ရောက်သည်။
(သတင်းစဉ်)


