နေပြည်တော် ၊ စက်တင်ဘာ ၄

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနသို့  လုပ်ငန်းခွင် ဝင်ရောက်ခဲ့သည့် ဒုတိယဦးစီးမှူးများနှင့် ဒုတိယလက်ထောက်ဦးစီးမှူးများအား လုပ်ငန်းခွင် အကြို စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကား ပြောကြားသည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၏ သမိုင်းနှင့် လုပ်ငန်း တာဝန်များကို ရှင်းလင်းပြောကြားပြီး သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပို့ချပေးခဲ့သည့် အသိပညာ ဗဟုသုတ များကို ဆက်လက်တိုးပွားအောင် စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားရန်နှင့် လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပေါင်းစပ်အသုံးပြု၍ လက်တွေ့နယ်ပယ်တွင် အသုံးချတတ်ရန်၊ မိမိနိုင်ငံ၊ မိမိအစိုးရ၊ မိမိလူမျိုးနှင့် မိမိတို့ ဝန်ကြီးဌာနအပေါ် သစ္စာစောင့်သိသော ဝန်ထမ်းများဖြစ်ကြရန်နှင့် နိုင်ငံ့တာဝန်များကို အမှားအယွင်းမရှိ စနစ်တကျဖြင့် ရိုးသားစွာထမ်းဆောင်ပြီး စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် သင်တန်းသားများကိုလည်းကောင်း၊  ဒုတိယဝန်ကြီးက Group Presentation အကောင်းဆုံးဆုရရှိသည့် သင်တန်းသားများကိုလည်းကောင်း ဆုများချီးမြှင့်ပေးအပ်သည်။ ယင်းနောက် နိုင်ငံခြား စီးပွားဆက်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။ ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဉီးက သင်တန်းမှရရှိသည့် အကျိုးကျေးဇူးများနှင့် သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံခန့်ခွဲ မှုနှင့် ရုံးလုပ်ငန်းဆိုင်ရာ အခြေခံသဘောတရားများ၊ လက်ရှိ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများနှင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ၊ ဝန်ထမ်းကျင့်ဝတ်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ရုံးစာရေးသားနည်း၊ ရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)