နေပြည်တော်၊ စက်တင်ဘာ ၄

 

ငါးမွေးမြူရေးဆိုင်ရာမူဝါဒနှင့် ငါးလုပ်ငန်းဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသား အဆင့်ဖိုရမ် ကျင်းပနိုင်ရန်နှင့် ရေထွက်ကုန် ပြည်ပတင်ပို့မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက ငါးမွေးမြူရေးဆိုင်ရာ မူဝါဒနှင့် ငါးလုပ်ငန်းဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း) ပြဋ္ဌာန်း နိုင်ရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင် ရေးအတွက် ဖြစ်စဉ်အသေး စိတ်ကို ဆွေးနွေးနိုင်မည့် အမျိုးသားဆင့်ဖိုရမ်(Forum) ကျင်းပနိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပ ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနကငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့် အညီ ဆောင်ရွက်ရန်ဟူသော မူဝါဒနှင့်အညီ ရေသတ္တဝါမွေးမြူခြင်း ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ ရေသတ္တဝါမွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးရေးအတွက် အမျိုးသားအဆင့် ငါးမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (National Aquaculture Development Plan-NADP) ဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

မွေးမြူရေးလုပ်ငန်း စဉ်ဆက်မပြတ် ရေရှည်တည်တံ့စေရန်အတွက် ငါး၊ ပုစွန်ကန်များကို တစ်နေရာ၊ တစ်ဒေသတည်း၌ စုပြုံမွေးမြူ ထုတ်လုပ်ခြင်းထက် မွေးမြူရေးဇုံများကို နေရာ(နယ်မြေ) ခွဲခြား သတ်မှတ်ခြင်းများ ကြီးကြပ်ဆောင်ရွက်ခြင်း၊ နောက်ဆုံးပေါ်သတင်း အချက်အလက်ဆိုင်ရာ ခေတ်မီ မွေးမြူသားဖောက် နည်းပညာများအား ပညာပေးဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ အလားတူစွာ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများဖြစ်သည့် UAE ၊ EU၊ ဆော်ဒီအာရေဗျတို့နှင့် ဂျပန်နိုင်ငံ၊ မလေးရှား၊ စင်ကာပူ၊  ဘင်္ဂလားဒေ့ရှ်၊  အမေရိကန်နိုင်ငံများသို့ တင်ပို့မှုများသည်လည်း အရေးပါကြောင်း။

 

နိုင်ငံတကာသို့ Export တင်ပို့ရာတွင်တင်ပို့သည့် နိုင်ငံအလိုက် နိုင်ငံအချင်းချင်း G to G  Agreement ရေးထိုးနိုင်ရေး ဆောင်ရွက်ရာတွင် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များအား စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်၍  ရေထွက်ပစ္စည်းတင်ပို့တင်သွင်းခြင်း  လုပ်ငန်းများတွင် စနစ်တကျဖြစ်စေရေး SPS ဆိုင်ရာ လိုအပ်ချက်များကိုအခြေခံ၍ ရေထွက်ပစ္စည်းသွင်းကုန်၊ ပို့ကုန် လုပ်ငန်းများအတွက်  နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များအား  ငါးလုပ်ငန်းဦးစီးဌာနမှ  တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိနိုင်စေရန် ပြည်ပသို့ ရေထွက်ပစ္စည်းများ ပိုမိုတိုးတက်နိုင်ဖို့အတွက် ငါးလုပ်ငန်းဦးစီးဌာနှင့်အတူ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းအဖွဲ့များအားလုံး  ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြား သည်။

 

ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးဝေလင်းမောင် က ရေထွက်ပစ္စည်း ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံ ငါးအလုပ်အဖွဲ့ချုပ်နှင့် ညီနောင်အသင်း အဖွဲ့များ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များငါးမွေးမြူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေပြဌာန်းမှု ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးကြပြီး ဒုတိယ ဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)