နေပြည်တော် စက်တင်ဘာ ၄

 

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ နယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းနိုင်ငံသို့ MoU U-turn စနစ်ဖြင့် အလုပ်သမား စေလွှတ်နိုင်ရေးအတွက် မြဝတီမြို့နှင့် ကော့သောင်းမြို့သို့ သွားရောက်တာဝန်ထမ်း ဆောင်မည့် ဝန်ထမ်းများကို တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်လျက်ရှိသည့် MoU သက်တမ်း ၄ နှစ်ပြည့် အလုပ်သမားများကို ထိုင်းနိုင်ငံသို့ အချိန်တိုအတွင်း ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ရိုက်နှိပ်ခြင်းများကို မြဝတီမြို့နှင့် ကော့သောင်းမြို့များတွင် One Stop Service ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊

 

ထိုင်းနိုင်ငံသို့ရောက်ရှိ လုပ်ကိုင်နေသည့် MoU ၄ နှစ်ပြည့် အလုပ်သမားများအတွက် အချိန်နှင့် ငွေကုန်ကြေးကျ သက်သာစေရေးနှင့် နှစ်နိုင်ငံ MoU U-turn စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်အတွက် ရည်ရွယ်ဆောင်ရွက်သည့်လုပ်ငန်းစဉ်ဖြစ်၍ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်အား အောင်မြင်စေရေး စေတနာထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလုပ်သမားများ OWIC လာရောက်ပြုလုပ်ရာတွင် လုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက်ပေးရန်နှင့် ငွေစာရင်းပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လွဲမှားမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

 

ထို့နောက် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား ညွှန်ကြားရေးမှူးချုပ်နှင့် အမြဲတမ်းအတွင်းဝန်တို့က ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရန်အချက်များကို မှာကြားခဲ့ပြီး ဒုတိယဝန်ကြီးက လိုအပ်သည် များကို ဖြည့်စွက်မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဉီးမြင့်နောင်သည် အလုပ်ရုံနှင့် အလုပ်သမား ဉပဒေစစ်ဆေးရေး ဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းခွင်ဝင် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အဆိုပါသင်တန်းတွင် အရာထမ်းအသစ်များကို On Job Training System ဖြင့် စက်တင်ဘာ ၄ ရက်မှ ၁၈ ရက်အထိဖြစ်ပြီး သင်တန်းကာလ ၁၂ ရက်အတွင်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ၊ ငွေစာရင်းဘာသာရပ်များ၊ ဦးစီးဌာနများ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများအပြင် အလုပ်သမားဥပဒေစစ်ဆေးရေး အရာရှိများ၊ အလုပ်ရုံစစ်ဆေးရေးအရာရှိများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ကျင့်ဝတ်များနှင့် ပတ်သက်ပြီး သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)