နေပြည်တော် စက်တင်ဘာ

 

နည်းပညာအရ စံကွက်ရိတ်သိမ်းမှုအပြင် စပါးတစ်ဧကပြည့် ရိတ်သိမ်းချိန်တွယ်ပြီး မျိုးနှင့်နည်းပညာ အသုံးပြုစိုက်ပျိုးသည့် စပါးအထွက်နှင့် ယခင်မိရိုးဖလာစိုက်ပျိုးထုတ်လုပ်မှု အထွက်နှုန်း အကျိုးအမြတ် တို့ကို လက်တွေ့နှိုင်းယှဉ်ပြသပေးရန်လိုကြောင်း  ယမန်နေ့ နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးစံပြစိုက်ကွင်း၌ ဒေသခံတောင်သူများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသစပါးမျိုး၊ အထွက်ကောင်းစပါးမျိုး၊ ယာစပါးမျိုးများနှင့် နေကြာသီးနှံမျိုးစေ့နမူနာများ ခင်းကျင်းပြသထားမှုနှင့် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးစံပြစိုက်ကွင်း၏ ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများကို သဘာဝမြေဩဇာများ လက်ဆောင်ပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အတူ ဟိုပုံးမြို့နယ်၊ မြို့မရေလွှဲဆည်ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သီးထပ်သီးနှံ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် တောင်သူများအား သီးနှံပုံစံများချမှတ်ပေးပြီး လိုအပ်သည့် အကူအညီများကို သက်ဆိုင်ရာဌာနများက ပူးပေါင်း ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဟိုပုံးမြို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးတွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း မွေးမြူရေးဇုန် ဖော်ဆောင်ရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးဇုန် ဖော်ဆောင်ရေး လုပ်ငန်း အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်နိုင်ပါက မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးမှုနှင့် ဒေသဖွံ့ဖြိုးမှု အတွက် အကျိုးများစေမည်ဖြစ်၍ သက်ဆိုင်ရာဌာနများအနေဖြင့် မြန်မြန်သွက်သွက် အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်းကြရန်၊ မွေးမြူရေးလုပ်ငန်းနှင့်ဆက်စပ်၍ တိရစ္ဆာန်အစာစပ်စက်ရုံလုပ်ငန်း တစ်ပြိုင် တည်းပါရှိရေး ဆောင်ရွက်သွားရန်လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့သည် ညောင်ရွှေ မြို့နယ်၊ တိလောကျေးရွာအုပ်စု၊ ထီပုံးရွာအနီးရှိ ရှမ်းရိုးမမွေးမြူရေးဇုန် ရှင်းလင်းဆောင်တွင် ဇုန်အတွင်းရှိ ကြက်မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီး ပုဂ္ဂလိကကြက်မွေးမြူရေးခြံများကို ကြည့်ရှု စစ်ဆေးကြသည်။

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းလေးကန်သာယာလှပရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဗေဒါ၊ ဒိုက်ဖောင်နှင့် ကျွန်းမျောအပျက်များ ဆယ်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို  မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငါးလုပ်ငန်းဦးစီးဌာန၊ ရေသတ္တဝါဆိုင်ရာ ပညာပေးဌာန၏ ငါးမျိုးထိန်း မျိုးပွားလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြပြီး ငါးဖိန်းကဲ့သို့ ဒေသငါးမျိုး စိတ်များ သိသာစွာလျော့နည်းရှားပါးလာသော ငါးမျိုးများအား မျိုးပွားထုတ်လုပ်ပြီး အင်းလေးကန်အတွင်း ငါးသယံဇာတ တိုးပွားရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ပြီး ရွှေညောင်မြို့ရှိ အမှတ်(၈၅)စက်မှုလယ်ယာစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)