ရန်ကုန် စက်တင်ဘာ ၅

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့် အထက်အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၂) ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုဒ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောဒဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိဦးကျော်ဇေယျနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒွိပိဋကဓရ ဝိနယ+ဒီဃနိကယ ပါဠိပါရဂူ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တနာဂိတ ထံမှ အခမ်းအနားသို့ တက်ရောက်လာကြသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ရေစက်ချ အနုမောဒနာတရားနားယူကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

ယနေ့ ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်ရွှေပြားအလှူရှင် (၄၁)ဦးက ‌ရွှေပြားအချပ် (၅၂)ချပ်လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၇၈)ဦးအပါအဝင် လှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၁၅၂၆၇၈၀၀၂၁ တိတိဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်